Home / ၂၇၆၃ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာ

၂၇၆၃ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်

၁။ ယနေ့ ကျရောက်သည့် (၂၇၆၃) ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ အခါ ကာလတွင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ကောင်းကျိုးအဖြာဖြာ ပြည့်ဝပါ စေကြောင်း မေတ္တာပို့သလျက် ယခုနှစ်သည် မိမိတို့အားလုံး၏ နွေဦးတော်လှန်ရေး ရည်မှန်းချက်များ အပြည့်အဝ အောင်မြင်မှုရရှိလာမည့် ထူးမြတ်သည့် နှစ်သစ်ဖြစ်ပါစေကြောင်း နှစ်သစ်ကူး ဆုမွန် ကောင်း တောင်းအပ်ပါသည်။

၂။ ကရင်နီလူမျိုးတို့သည် ခေတ်အဆက်ဆက် သမိုင်းအစဥ်အလာကောင်းများအား လက်ဆင့်ကမ်းထိန်းသိမ်းလျက် စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ကြီးမြတ်ခမ်းနားသည့် လူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်ဂုဏ်ရည်တို့အား တိုးမြှင့်စွမ်းဆောင်နိုင်သည့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးများအဖြစ် ယနေ့ထိတိုင် ထင်ပေါ်ကျော်ဇောလျက်ရှိသည်မှာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။

၃။ ကရင်နီပြည်သူများသည် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် ‌ဤနွေဦးတော်လှန်ရေးကြီးတွင် တိုင်းရင်းသားများအားလုံးနှင့် အတူတကွ သက်စွန့်ကြိုးပမ်း တိုက်ပွဲ၀င်နေခြင်းများကြောင့် အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက်မှု များကို ရင်ဆိုင်ကြုံတွေ့နေရပြီး ဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ နေရပ်စွန့်ခွာ တိမ်းရှောင်‌ နေရခြင်း၊ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထား၍ တိုက်ခိုက်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံ ရခြင်းများကြောင့် စစ်ရာဇ၀တ်မှု ကျူးလွန်ခံရခြင်းများအပါအ၀င် အခြေခံလူ့အခွင့်အရေးများကို လည်း ဆုံးရှုံးနေရပါသည်။ သို့ရာတွင် မည်မျှသော သာလွန်အင်အားလက်နက်များဖြင့် မြေပြင်ဝေဟင် အကြမ်းဖက်တိုက်ခိုက်ခံရသော်လည်း ကရင်နီတိုင်းရင်းသားတို့၏ ခုခံတော်လှန်လိုစိတ်၊ သွေးစည်း ညီညွတ်မှုခွန်အားနှင့် စုပေါင်းအားတို့အား စစ်ကောင်စီအနေဖြင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိသည်မှာ လက်ရှိ တော်လှန်ရေးအောင်ပွဲများက သက်သေတည်လျက်ရှိပါသည်။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှု မှတ်တမ်းများသည် နောင်တချိန်တွင် ထည်ဝါစွာ သမိုင်းဝင်ကမ္ဗည်းတင်မည့် မှတ်ကျောက်များဖြစ်ကာ ကရင်နီတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်ကြီးများနှင့် သူရဲကောင်း အပေါင်းတို့၏ စွမ်းရည်သတ္တိ၊ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ၊ စွန့်လွှတ်အနစ်နာခံမှု၊ ရင်းနှီးပေးဆပ်မှုများအတွက်လည်း လေးစားစွာ ဂုဏ်ပြုဦးညွှတ်လိုပါသည်။

၄။ ကရင်နီပြည်နယ်ဖွား သွေးချင်းများအနေဖြင့် မိမိတို့အပါအဝင် ပြည်ထောင်စုအတွင်းရှိ ညီနောင်တိုင်းရင်းသားအားလုံးတို့နှင့်အတူ ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် တသွေးတသားတည်း ရပ်တည်လျက် နွေဦးတော်လှန်ရေးအောင်ပွဲအလီလီကို ဖော်ဆောင်နိုင်ကြ ကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ကင်းစင်လျက် တန်းတူညီမျှမှု၊ တရား မျှတမှု၊ စည်းကမ်းပြည့်ဝမှုတို့ ထုံလွှမ်းသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးအား အမြန်ဆုံးတည်ဆောက်သွားနိုင်ပါစေကြောင်း ဤ ၂၇၆၃ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာ အား ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top