Home / ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့သဝဏ်လွှာ

ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

၁။ ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝါလီနေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဟိန္ဒူဘာသာဝင်များအားလုံး ဘေးကင်းလုံခြုံကြပါစေကြောင်းနှင့် မီးထွန်းညှိပူဇော်ခြင်းဖြင့် အမှောင်ကိုခွင်း၍ အလင်းကိုဆောင်ကာ အဆိုးအညံ့များ ကင်းဝေးလျက် ကောင်းသောအရာများ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကြောင့် ဟိန္ဒူဘာသာဝင်များအပါအဝင် အခြားသော ဘာသာဝင်များနှင့် လူမျိုးပေါင်းစုံတို့၏ နှစ်စဥ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ပွဲတော်များသည်လည်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်း မရှိတော့ပေ။ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် နိုင်ငံတစ်ဝှမ်းတွင် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ဆင်ယင်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များကို ပျော်ရွှင်စွာ ပြန်လည်ကျင်းပနိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဘာသာဝင်ပေါင်းစုံတို့အားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော၊ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် ဟိန္ဒူဘာသာဝင်များအနေဖြင့် တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ စုစည်းညီညွတ်မှုနှင့် ယုံကြည်နားလည်မှုတို့ဖြင့် ရှေ့ဆက်ချီတက်နေသည့်အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုပါသည်။

၃။ နွေဦးတော်လှန်ရေးသည် လူမျိုးစုတစ်ခု၊ ဘာသာတရားတစ်ခု၊ တစ်ဦးတစ်ယောက် အတွက်ဆင်နွှဲနေသည့် တော်လှန်ရေးမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာဝင်ပေါင်းစုံအားလုံးအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ရရှိနိုင်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေး ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် နွေဦးတော်လှန်ရေးအောင်ပွဲများ ပိုမိုပီပြင်စွာ ဖော်ဆောင်နိုင်လာသည်နှင့်အမျှ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုအနေဖြင့် များစွာ တုန်လှုပ်ခြောက်ခြားလျက်ရှိပါသည်။ ယခုကဲ့သို့အချိန်ကာလတွင် မိမိတို့၏တော်လှန်ရေး အရှိန်အဟုန်ကို ဆက်လက် မြှင့်တင် ကြိုးစားသွားကြရန်ဖြစ်ပါသည်။

၄။ ဒီပါဝါလီနေ့တွင် မီးထွန်းပူဇော်ရခြင်းအကျိုးကြောင့် ကာလီမယ်တော်နှင့် လက်ချ်မီးမယ်တော်တို့၏ စောင့်ရှောက်မှုများရရှိကာ ဟိန္ဒူဘာသာဝင်များနှင့်အတူ အခြားသော ဘာသာဝင် တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်ဆိုးအမှောင်ထုအား အပြီးတိုင်ဖြိုခွင်းလျက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အလင်းရောင်ကို စုပေါင်းအားဖြင့် ဖော်ဆောင်ထွန်းညှိသွား နိုင်မည် အကြွင်းမဲ့ယုံကြည်လျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top