Home / ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်နေ့သို့ ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ခရစ္စမတ်နေ့သို့ ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်

၁။              ယနေ့ကျရောက်သော ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်နေ့ အခါသမယတွင် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားပြည်သူများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ဘေးကင်းလုံခြုံလျက် ကောင်းကျိုးသုခများဖြင့် ပြည့်စုံကာ တိုင်းပြည်အကျိုး ဆထက်တိုး ထမ်းရွက်နိုင်ကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆုတောင်းအပ် ပါသည်။ ဒေသအသီးသီး၌ စစ်ဘေးရှောင်ရှားနေကြရသော ခရစ်ယာန်ဘာသာဝင်များအားလုံး မိမိတို့ အလေးအမြတ်ထားရသော ခရစ္စမတ်ပွဲတော်ကို နေရပ်ဒေသများတွင် မိတ်ဆွေ၊ အပေါင်းအသင်း များနှင့် နွေးထွေးစွာ ပြန်လည်ကျင်းပနိုင်မည့်နေ့သို့ အမြန်ဆုံး ရောက်ရှိလာနိုင်ပါစေကြောင်းကို လည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။            မိမိတို့အားလုံးသည် ယုံကြည်ကိုးကွယ်မှု ကွဲပြားခြားနားသော်လည်း အကြမ်းဖက် စစ် အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်တွန်းလှန်တိုက်ထုတ်ရေး ဘုံရည်မှန်းချက်ကို အခြေပြုလျက် ဟန်ချက်ညီသော ဆန့်ကျင်တွန်းလှန်မှုများဖြင့် အသီးသီး ပါဝင်ဆောင်ရွက်နေကြသည့်အတွက် အောင်မြင်မှုအသီးအပွင့်များကို ယနေ့အချိန်တွင် လက်တွေ့ခံစားရရှိနေပြီဖြစ်ပါသည်။ စည်းလုံး ညီညွတ်မှုနှင့် ခိုင်မာသောချိတ်ဆက်ပူးပေါင်းမှုများနှင့်အတူ မဝေးသောကာလတစ်ခုတွင် အာဏာရှင် စနစ်ဆိုး ကင်းစင်သော နိုင်ငံတော်သစ်ကိုတည်ဆောက်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါသည်။

၃၊၊         တန်းတူညီမျှခြင်း၊ လွတ်လပ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အေးချမ်းစွာ အတူ တကွ နေထိုင်သွားနိုင်ရေးအတွက် ဘုရားသခင်ထံက အားအင်အသစ်များပိုမိုရရှိပြီး ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် အခြားညီနောင်တိုင်းရင်းသားများနှင့် အတူ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများတွင် ဆက်လက်ပါဝင်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုလျက် ကြည်နူးဝမ်းမြောက်စွာဖြင့် သဝဏ်လွှာပါးအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top