၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်
ယနေ့ကျရောက်သည့် ခရစ္စမတ်ပွဲတော်နေ့ အချိန်အခါသမယ၌ မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးကင်းလုံခြုံစွာ ဆင်နွှဲနိုင်ကြပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ခရစ္စမတ်ပွဲတော်နေ့သည် ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားသခင်ဖြစ်သော ယေရှု ခရစ်တော် ဖွားမြင်သည့်နေ့ကို သတ်မှတ်ထားသည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ခရစ္စမတ် ဆိုသည်မှာ မေတ္တာ၊ ငြိမ်းချမ်းရေးနှင့် မျှော်လင့်ချက်ဆိုသည့် အနှစ်သာရများကို ပိုမိုအလေးပေး သော နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝေးကွာနေကြသည့် မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံဆည်းပြီး အတူတကွ အချိန်ကုန်ဆုံးခြင်းနှင့် နွေးထွေးမှုကို တည်ဆောက်ခြင်းဟူသည့် စည်းလုံးခြင်း၏ အဓိပ္ပာယ်ကိုဆောင်ပါသည်။
ခရစ္စမတ်၏ ထူးမြတ်သော အနှစ်သာရဖြစ်သည့် “အမှောင်ထုသည် မည်မျှပင်ရှည်လျား ပါစေ အလင်းရောင်သည် မလွဲမသွေရောက်ရှိလာမည်” ဟူသော ယုံကြည်ချက်ကို လက်ကိုင်စွဲကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေးဟူသော မျှော်လင့်ချက်ကို အောင်မြင်စေရန် ကြိုးပမ်းသွားကြရမည်ဖြစ်ပါသည်။ ဤခရစ္စမတ် နေ့ထူးနေ့မြတ်တွင် ဝေးကွာနေသော မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံဆည်းခွင့် ရရှိမည့် နေ့သစ်ကို အမြန်ဆုံး ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


