Home / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ ပေးပို့သည့်ဆုတောင်းသဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ ပေးပို့သည့်ဆုတောင်းသဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ (၇၉) နှစ်ပြည့် ထူးမြတ်သော မွေးနေ့အခမ်းအနားတွင် လူထုခေါင်းဆောင်နှင့်အတူ ပြည်တွင်းပြည်ပရှိ သွေးချင်းညီနောင် ပြည်သူ၊ ပြည်သားအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာ ပါစေကြောင်းနှင့် နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ကာ မိမိတို့နိုင်ငံတော်တွင် ဒီမိုကရေစီ စနစ် ပြန်လည်ထွန်းကားနိုင်ပါစေကြောင်း မိမိတို့အနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။ လူထုခေါင်းဆောင်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှု ကာလတစ်လျှောက်လုံးတွင် ပြည်သူတို့နှင့်အတူ ရဲဝံ့ပြတ်သားစွာ ရပ်တည်လျက် စွန့်လွှတ်အနစ် နာခံ ဆောင်ရွက်ခဲ့မှုအားလုံးတို့သည် မိမိတို့နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် တိုင်းဆမရနိုင် သောသမိုင်းဝင် တန်ဖိုးထားလေးစားကြရမည့် လုပ်ဆောင်ချက်များဖြစ်ပါကြောင်း ဂုဏ်ယူစွာ ဖော်ညွှန်းလိုပါသည်။

၃။ တိုင်းရင်းသားပြည်သူအားလုံးတို့အနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးတိုက်ပွဲမှသည် မိမိတို့၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ ညီညွတ်မှု၊ စုစည်းမှု၊ ခိုင်မာမှုတို့ အရင်းတည်လျက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ရှေ့ဆက်ချီတက် လျှောက်လှမ်းသွားကြမည် ကို အကြွင်းမဲ့ယုံကြည်ပါကြောင်း ဖော်ပြလိုပါသည်။

၄။ ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လူထုခေါင်းဆောင် မျှော်ရည်ကြိုးပမ်းခဲ့သော ဒီမိုကရေစီခရီးလမ်းသာမက လက်ရှိ နွေဦးတော်လှန်ရေးခရီးလမ်းတွင် ပြည်သူများနှင့်အတူတကွ ရပ်တည်လျက် ကျရာတာဝန်များကို အစွမ်းကုန် ကြိုးစားထမ်းဆောင် သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် မိမိတို့အားလုံး လေးစားဂုဏ်ယူရသော၊ နိုင်ငံတော်အတွက် ရင်းနှီးပေးဆပ်မှုကြီးမားသော၊ ပြည်သူတို့၏မိခင်ရင်းသဖွယ်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပြည်သူများနှင့်အတူ ကျန်းမာဘေးကင်းစွာ ပျော်ရွှင်နိုင်ပါစေကြောင်း ဆုတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top