Home / (၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ သဝဏ်လွှာ

(၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်

၁။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ခေတ်သစ် မွန်လက်နက်ကိုင်တပ်ကို နိုင်ပန်းသာ၊ နိုင်မောင်သိန်း (ခ) ဗိုလ်သိန်းနှင့် မွန်မျိုးချစ်လူငယ် (၂၇) ဦးက ဦးဆောင်ပြီး (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင် လပြည့်နေ့) ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် (၀၆၃၀) နာရီတွင် ဇာသပြင်ကျေးရွာ၌ တော်လှန်ရေးအစပြုခဲ့သည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၈) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

၂။ မွန်လူမျိုးတို့အနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်ရရှိရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းလာခဲ့ကြသည့် ကာလတစ်လျှောက်တွင် ရရှိခဲ့သော သင်ခန်းစာများမှတစ်ဆင့် ပြောင်းလဲသင့်သည့်အရာများကို ရဲရဲဝံ့ဝံ့ ပြောင်းလဲ၍ နိုင်ငံရေးအမြင်ကျယ်ကျယ်ဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်မှသာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အတိတ်ကာလ၏ သင်ခန်းစာများအား စံနမူနာထားကာ လက်တွေ့ကျသည့် ပိုမိုခိုင်မာသော ပြုပြင်ပြောင်းလဲမှုများဖြင့် ရှေ့ဆက်လျှောက်လှမ်းကြရန် အရေးတကြီး လိုအပ်နေပြီဖြစ်ပါသည်။

၃။ မွန်တော်လှန်ရေး၏ အဓိကရည်မှန်းချက်များကို တန်ဖိုးထားလျက် စစ်မှန်သည့် ဒီမိုကရေစီနှင့် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာမှသာ မွန်လူမျိုးများအပါအဝင် တိုင်းရင်းသားအားလုံး၏ အခွင့်အရေးများ အပြည့်အဝရရှိကာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မွန်လူမျိုးများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်အောက်တွင် စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ဖြင့် ရှေ့ဆက်ချီတက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မွန်လူမျိုးများ၊ အခြားသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွတည်ဆောက်နိုင်ရန် ခိုင်မာသည့်စိတ်ဓာတ်ဖြင့် ရှေ့ဆက် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မွန်လူငယ်များနှင့် မွန်ပြည်သူများအားလုံးတို့အား အထူးလေးစား ဂုဏ်ပြုပါကြောင်း ဖော်ပြလိုပါသည်။ မွန်တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ကြသော မွန်အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဦးညွှတ်အလေးပြုရင်း ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်အမျိုးသားအပေါင်းတို့နှင့်အတူ ဂုဏ်ပြုကြိုဆိုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top