၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
၁။ သီးခြားလွတ်လပ်သည့် ကရင်နီပြည်နယ်ကို ကျူးကျော်လာသည့် ဖဆပလ အစိုးရက ကရင်နီပြည်ကောင်စီဥက္ကဋ္ဌ ခွန်းဘီတူရီ တည်ရှိရာ မြလဲ (မန်းလား) ရွာကို စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကလည်း ရရာလက်နက်စွဲကိုင်ကာ ခုခံတွန်းလှန်ခဲ့သည့် နေ့ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ် ပါသည်။ ဤနေ့ထူးနေ့မြတ်တွင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ကရင်နီအမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကရင်နီပြည်သူ့ရဲဘော်များနှင့်တကွ ကရင်နီ ပြည်သူတစ်ရပ်လုံးနှင့်အတူ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
၂။ စစ်အာဏာရှင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ချယ်မှုဟူသမျှ ကို ဒူးမထောက်ဘဲ ရဲရင့်စွာ ခုခံတိုက်ပွဲဝင်ရင်း ကရင်နီပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ကရင်နီ အမျိုးသား တော်လှန်ရေးခေါင်းဆောင်ကြီးများ၊ ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်များနှင့် စစ်ဘေး စစ်ဒဏ်ကို ကြံ့ကြံ့ခံရင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအရေးတို့ အတွက် အစဉ်တစိုက် ပါဝင်ကြိုးပမ်းနေသည့် ကရင်နီပြည်သူများအားလုံးအား မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၃။ ယနေ့ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အခြားတော်လှန်ရေး အင်အားစုများနည်းတူ ကရင်နီအမျိုးသား တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုများကြောင့် နယ်မြေစိုးမိုးရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့တွင် ထူးခြား သည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ကရင်နီပြည်သူများ ခေတ်အဆက်ဆက် တောင်းဆိုခဲ့သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့် အပြည့်အဝရှိသော ကရင်နီပြည် ပေါ်ထွန်းလာရေး သည် မိမိတို့ ဘုံရည်မှန်းချက်ထား ကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေး၏ မရှိမဖြစ် လိုအပ်သော အခြေခံမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါသည်။
၄။ ညီညွတ်မှုကို အခြေတည်၍ ဖက်ဒရယ်မူများအပေါ် ခိုင်မာစွာရပ်တည်ကာ တစ်စု တစ်စည်းတည်း ရှေ့ဆက်မည်ဆိုပါက အားလုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ မြန်ဆန်စွာ ဆိုက်ရောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union-SCEF) ၏ စုပေါင်းခေါင်းဆောင်မှုအောက်တွင် တွဲလက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကာ အကြမ်းဖက်စစ်အုပ်စု၏ ကောက်ကျစ်ယုတ်မာ သော ဖြိုခွဲမှုမှန်သမျှကို ချေမှုန်းကာ မြင့်မားသော နိုင်ငံရေးအသိ၊ သတိတို့နှင့် ယှဉ်တွဲ၍ ရှေ့ဆက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးနှင့် သံတမန်ရေး စစ်မျက်နှာများတွင် ခိုင်မာသည့် အင်အားတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ရည်မှန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းသည်အထိ တော်လှန်ရေးအင်အားစု အားလုံးနှင့်အတူ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


