Home / (၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့ သဝဏ်လွှာ

(၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့ သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်

၁။ (၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့တွင် ခေတ်အဆက်ဆက်တော် လှန်ရေးဖြစ်စဉ် များ၌ ကာယအား ဉာဏအားတို့ ရင်းနှီးပေးဆပ်ကာ အသက်ခန္ဓာများ ဆုံးရှုံးခဲ့ကြရပြီး တာဝန် ကျေပွန်ခဲ့ကြသော ကရင်နီတိုင်းရင်းသား အာဇာနည်သူရဲကောင်းများနှင့်တကွ လက်ရှိ နွေဦး တော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားနေကြသော ရဲဘော်ရဲဘက်များ၏ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် စွန့်လွှတ်စွန့်စားမှုသူရသတ္တိတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးလေးနက်နက် အောက်မေ့သတိရလျက် ချီးကျူးဂုဏ်ပြုအပ်ပါသည်။

၂။ ကရင်နီတိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ကရင်နီတပ်မတော်အား ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကရင်နီပြည်၏ လွတ်လပ်မှုအတွက် အုတ်မြစ်ခိုင်မာစွာ စနစ်တကျ စုဖွဲ့တည်ထောင်နိုင်ခဲ့ကြသည်မှာ ကရင်နီတိုင်းရင်းသားတို့အတွက် ကြီးမားသော ခွန်အားတစ်ရပ် အဖြစ် ယနေ့ထိတိုင် တည်တံ့နေဆဲဖြစ်ပါသည်။ ကရင်နီတပ်မတော်သည် တော်လှန်ရေးသမိုင်း ဂုဏ်ရောင်ထွန်းပြောင်သည့် တပ်မတော်တစ်ခုအဖြစ် ကရင်နီပြည်သူအားလုံး၏ ရင်ထဲတွင် ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။

၃။ ကရင်နီတပ်မတော်သည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင်လည်း ကရင်နီတစ်မျိုးသားလုံးနှင့်အတူတကွ ဆက်လက်ပါဝင်ထမ်းရွက်သွားနိုင်မည်ကို ယုံကြည်ပါကြောင်း ဖော်ပြလျက် ဤ (၇၈) နှစ်မြောက် ကရင်နီတပ်မတော်နေ့ သဝဏ်လွှာအား ဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top