၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်
၁။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့၏ နှစ်ပေါင်း ၁၀၀ ကျော်ကြာ စိုးမိုး အုပ်ချုပ်မှုအောက်မှ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည့် ထူးမြတ်သော နေ့တစ်နေ့ဖြစ်ပါသည်။
၂။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေး သက်တမ်းတစ်လျှောက် အာဏာရူးသွမ်းသည့် စစ်အုပ်စုအဆက်ဆက်၏ ဖိနှိပ်မှုများကြောင့် မိမိတို့နိုင်ငံသည် စစ်မှန်သော လွတ်လပ်မှု၏ အနှစ်သာရနှင့် ဝေးကွာခဲ့ကြရသည်မှာ ယနေ့အချိန် အထိတိုင် ဖြစ်ပါသည်။ စစ်မှန်သောလွတ်လပ်ရေးသည် ဖက်ဒရယ်စနစ်နှင့် တန်းတူညီမျှမှုရှိမှသာ ခိုင်မြဲမည် ဖြစ်ပါသည်။ ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်နိဂုံးချုပ်၍ စစ်မှန်သော လွတ်လပ်ရေး အနှစ်သာရကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည့် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲပင် ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရသော အာဇာနည် သူရဲကောင်းအပေါင်းတို့နှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြ သော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်။ အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်ခဲ့ရသော အသက်၊ သွေး၊ ချွေးတို့သည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ တွန်းပို့ပေး သော ခွန်အားများပင်ဖြစ်သည့်အတွက် ၎င်းတို့၏ စွန့်လွှတ် အနစ်နာခံမှုများ အချည်းအနှီးမဖြစ် စေရန်၊ စစ်မှန်သော လွတ်လပ်မှုအမွေကို အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်ရစ်စေရန် တော်လှန်ရေးအင်အားစုအားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
၄။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသည့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်ဝင် လူငယ်များ၏ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်သည် ယနေ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသည့် မျိုးဆက်သစ် လူငယ်များ၏ ရဲရဲတောက်စိတ်ဓာတ်များနှင့် ထပ်တူထပ်မျှဖြစ်နေသည်ကို မြင်တွေ့နေရပါသည်။ ယနေ့ဆင်နွှဲနေသည့် ဒီမိုကရေစီတိုက်ပွဲသည် စစ်အာဏာရှင်စနစ်သာမက မည်သည့်အာဏာရှင် စနစ်မျိုးကိုမဆို အမြစ်ပြတ်ချေမှုန်းရမည့် နောက်ဆုံးတိုက်ပွဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အနာဂတ် မျိုးဆက်သစ်များ စစ်အာဏာရှင်စနစ်ဆိုးအောက်သို့ ဘယ်သောအခါမှ ပြန်လည်မရောက်ရှိနိုင်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၅။ လွတ်လပ်ရေးဆိုသည်မှာ အခွင့်အရေးနှင့် တာဝန်ကို တစ်ပြိုင်နက်တည်း ရယူခြင်း ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ဖန်တီးနိုင်ခွင့်ရှိသည်ဆိုသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည်သာ လွတ်လပ်ရေး၏ စစ်မှန်သော အောင်ပွဲဖြစ် ပါသည်။ စစ်မှန်သော လွတ်လပ်ရေးဆိုသည်မှာ အကြောက်တရားကင်းဝေးပြီး လူသားတစ်ဦး၏ အခွင့်အရေးဖြစ်သော မိမိတို့၏ ယုံကြည်ချက်နှင့် ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း နှင့် လုံခြုံစွာ ရှင်သန်နေထိုင်ခြင်းပင် ဖြစ်ပါသည်။ မည်သည့်စနစ်၊ မည်သည့် အာဏာရှင်အောက် တွင်မဆို အကြောက်တရား၏အောက်တွင် ရှင်သန်နေရသရွေ့ မိမိတို့သည် လွတ်လပ်သော နိုင်ငံသားများအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မဟုတ်ကြောင်း တော်လှန်ပြည်သူလူထုနှင့် အတူ တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် သတိချပ်စေလိုပါသည်။
၆။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ မတရားသော နည်းလမ်းဖြင့် တိုင်းပြည်အာဏာသိမ်းယူခဲ့ခြင်းကို တရားဝင်မှုရှိစေရန်နှင့် စစ်ရာဇဝတ်မှုများအတွက် တာဝန် ယူမှု၊ တာဝန်ခံမှုမှ ရှောင်တိမ်းရန်နှင့် နိုင်ငံတကာကို လှည့်စားရန်အတွက် အတုအယောင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိပါသည်။ အချုပ်အခြာအာဏာ၏ ပိုင်ရှင်ဖြစ်သော ပြည်သူလူထုအား ဖမ်းဆီး၊ သတ်ဖြတ်၊ ညှင်းပန်းနှိပ်စက်ကာ အကျဉ်းထောင်ထဲသို့ မတရားဖမ်းဆီး၍ ကျင်းပနေသည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သကဲ့သို့ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျှ ခြင်းတည်းဟူသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ပြည်သူ့ဆန္ဒနှင့် လုံးဝ သွေဖည်နေပါသည်။
၇။ ထို့ကြောင့် အကြောက်တရားနှင့် သေနတ်ပြောင်းဝအောက်တွင် ကျင်းပနေသည့် ဤအတုအယောင် ရွေးကောက်ပွဲသည် ကမ္ဘာ့အလယ်မှာ အလွန်အရုပ်ဆိုး အကျည်းတန်သည့် ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် ထိုရွေးကောက်ပွဲကို ကမ္ဘာက အသိအမှတ်မပြုရေးကို မိမိတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စစ်မှန်သော လွတ်လပ်ရေးကို ကိုယ်စားပြု သည့် တရားမျှတသော ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီးမှသာ ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် တော်လှန်ရေးအင်အားစုအားလုံး ပြည်သူလူထုနှင့်အတူ ညီညီညွတ်ညွတ် တွန်းလှန်တိုက်ထုတ်ကြစေလိုကြောင်း အလေးအနက်တိုက်တွန်းလျက် ဤ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


