Home / နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းသဝဏ်လွှာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းသဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်

၁။           ယနေ့ကျရောက်သော ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အခါသယမတွင် ပြည်တွင်း၊ ပြည်ပမှာ ရောက်ရှိနေကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ဘေးကင်းလုံခြုံကြပါစေ။ ကပ်ကြီး (၃) ပါး ကျော်လွှားနိုင်ကြ ပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။            ခေတ်အဆက်ဆက်တွင် ဒီမိုကရေစီရရှိနိုင်ရေးအတွက် နှစ်ပေါင်းများစွာကြာတိုင်းရင်းသား ပြည်သူလူထုက နည်းလမ်းများစွာဖြင့် ကြိုးစားဖော်ဆောင်ခဲ့ကြပါသော်လည်း အာဏာရှင်စနစ်ဆိုး သည် သက်ဆိုးရှည်လျက် ငြိမ်းချမ်းမှုမရရှိနိုင်သေးသည့် အခြေအနေဖြစ်ပါသည်။ သို့ရာတွင် ယနေ့ နွေဦးတော်လှန်ရေးကာလ နှစ်နှစ်ကျော်ကာလအထိ ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ပြည်သူလူထုအားဖြင့် မိမိတို့အားလုံး ယုံကြည်ရာ မှန်ကန်သည့် လမ်းကြောင်းသို့ ဦးတည်  ချီတက် လျှောက်လှမ်းနေကြဆဲ ဖြစ်ပါသည်။ မိမိတို့အားလုံးသည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား အတူတကွ ထုဆစ်ပုံဖော်ရာတွင် တစ်ဦး နှင့် တစ်ဦးအကြား မတူညီမှုများကို အခြေခံလျက် စည်းလုံးမှုကိုထပ်တူပြုကာ မဝေးသောအချိန်ကာလတစ်ခုတွင် နွေဦးတော်လှန်ရေး အောင်ပွဲဆင်နိုင်မည်ကို အကြွင်းမဲ့ ယုံကြည်ပါကြောင်းလည်း  ဖော်ပြလိုပါသည်။

၃။           လူထုခေါင်းဆောင်၏ ထက်မြက်သောဉာဏ်ပညာ၊ ရဲရင့်တည်ကြည်သော စိတ်ဓာတ်၊ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ တန်းတူညီမျှဖြင့် ခွဲခြားဆက်ဆံမှုမရှိသော ဖြောင့်မတ် မှန်ကန်မှု၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့်အတူ နိုင်ငံရေးသမိုင်း တစ်လျှောက်တွင် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ခံယူချက်ပြတ်သားစွာ ပေးဆပ်ခဲ့ပုံများမှာလေးစား တန်ဖိုးထားစရာ ကောင်းလှပါသည်။ လူထုခေါင်းဆောင်သည် လက်ရှိတွင် အကြမ်းဖက် စစ်အာဏာရှင်နှင့် အပေါင်းအပါများ၏ ဥပဒေမဲ့စွာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရ သော်လည်း ကြောက်ရွံခြင်းအလျဥ်းမရှိ အခက်အခဲများစွာအား ခါးစီးခံကာ ပြည်သူလူထု၏ သဘောထားဆန္ဒများနှင့်အညီ ပြည်သူလူထု၏စုစည်းအားဖြစ်သည့် နွေဦးတော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ နိုင်ရာဝန်ကို ပါဝင်ထမ်းဆောင်လျက်ရှိသည်ကို မိမိတို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားဦးညွှတ်လျက် အစဥ်ထာဝရဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။

၄။           လူထုခေါင်းဆောင်၏ (၇၈) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် သက်ရှည် ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်လွတ်မြောက်ပါစေ။ တိုင်းပြည်နှင့် ပြည်သူ လူထုအကျိုး ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တွင် အေးချမ်းသာယာစွာဖြင့် လုံခြုံသောဘဝခရီးလမ်းကို ပြည်သူများနှင့်အတူတကွ ရှေ့ဆက် လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤမွေးနေ့ဆုတောင်း သဝဏ်လွှာ အား ဂုဏ်ယူလေးမြတ်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top