Home / (၇၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

၁။         ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)တွင် ရှမ်းပြည်နယ်အတွင်းနှင့် ပြည်ထောင်စုတဝှမ်းလုံးရှိ ပြည်သူလူထုတိုင်းရင်းသားများအားလုံး ပျော်ရွှင်အေးချမ်းမှုအပေါင်း ခညောင်းလျက် ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပါစေကြောင်းနှင့် ညီညွတ်မှုအရင်းတည်၍ ရှေ့အနာဂတ်ကာလ၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် ရေးတွင်လည်း အတူတကွ ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုမွန်ပြုအပ်ပါသည်။

၂။          ပင်လုံစာချုပ်အား စုစည်းညီညွတ်စွာဖြင့် ချုပ်ဆိုနိုင်ခဲ့သည့် လွတ်လပ်ရေး၏ လမ်းစ ဖြစ်သည်သာမက ရှမ်းစော်ဘွားများနှင့် ရှမ်းလူထုတစ်ရပ်လုံး၏ ညီညွတ်မှုအားကို ဗြိတိသျှအစိုးရ က လိုက်လျောလက်ခံခဲ့ကြရသည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့အား  လူထုအားကို ဂုဏ်ပြု ဖော်ဆောင်လျက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) အဖြစ် ကျင်းပခဲ့ကြသည်မှာ (၇၇) နှစ် ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၃။         ရှမ်းလူထုတစ်ရပ်လုံးသည် နှစ်ပေါင်းများစွာကြာ ရင်းနှီးပေးဆပ်မှုတို့ဖြင့် နိုင်ငံရေး လှိုင်းကြမ်းများအား ရင်ဆိုင်ဖြတ်သန်းခဲ့ကြရကာ လက်ရှိကာလတွင်လည်း အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များအား ကြုံတွေ့ခံစားနေကြရပါသည်။ ရှမ်းတိုင်းရင်းသားများသည် အခြား တော်လှန်ရေးညီနောင်တိုင်းရင်းသားများနှင့်အတူ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်ရင်း ခုခံတော်လှန်လျက်ရှိရာ ခေတ်အဆက်ဆက်တွင် ကာယအား၊ ဉာဏအားတို့ အရင်း တည်၍ အသက်ခန္ဓာပေါင်းများစွာ ပေးဆပ်ခဲ့ကြသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းအပေါင်းတို့၏ ဂုဏ်အရည်အချင်းတို့အား လေးစားစွာ ဦးညွှတ်၍ သမိုင်းမှတ်တမ်း တင်လိုပါသည်။

၄။           ရှမ်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လိုလားတောင့်တချက်ဖြစ်သော  အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဆုံး ပေါ်ထွန်း လာရေးအတွက် အတူတကွ စုစည်းညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်းသွားနိုင်လိမ့်မည်ဟု  အကြွင်းမဲ့ယုံကြည်လျက် ဤ (၇၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) သဝဏ်လွှာ အား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top