Home / (၇၇) နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာ

(၇၇) နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

၁။         ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် မွန်အမျိုးသားနေ့ အချိန်အခါသမယတွင် ပြည်တွင်း၊ ပြည်ပသို့ ရောက်ရှိနေသော မွန်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြကာ  တိုင်းပြည်နှင့် လူမျိုးအတွက် လုံခြုံမှုအပြည့်အဝပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံး ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။            မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ဝင်ရောက်နေထိုင်ခဲ့သော သမိုင်းအစဥ်အလာကြီးမားသည့် လူမျိုးများဖြစ်သည့်အပြင် ဘာသာတရားကိုင်းရှိုင်း၍ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများအား တန်ဖိုးထားမြတ်နိုးကြသော လူမျိုးများလည်း ဖြစ်ပါသည်။ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ဟံသာဝတီ မင်းနေပြည်တော်ကြီးအဖြစ် စတင်ထူထောင်ခဲ့သည့်နေ့အား မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြကာ အထိမ်းအမှတ်အခမ်းအနားများဖြင့် ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၇) နှစ်မြောက်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်သည့်အတွက် လွန်စွာ ဝမ်းမြောက်ကြည်နူးရပါသည်။

၃။           မွန်တိုင်းရင်းသားတို့သည် ခေတ်အဆက်ဆက် သမိုင်းဖြစ်စဥ်များတွင် တစ်စိတ်တစ်ဝှမ်းတည်း တော်လှန်တိုက်ပွဲဝင်ခဲ့ကြရုံသာမက ယနေ့နွေဦးတော်လှန်ရေးတွင်လည်း အခြားသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အတူလက်တွဲ၍ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ပွဲဝင်နေကြသည့်အတွက် အထူးလေးစားဂုဏ်ယူရပါသည်။ ခေတ်အဆက်ဆက်၊ အရေးတော်ပုံအဆက်ဆက် နှင့် ယနေ့နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် ကြိုးပမ်းပါဝင်ဆောင်ရွက်ရင်း လမ်းခုလတ်တွင် ကျဆုံးခဲ့ကြရသော မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

 ၄။         ရှေ့ဆက်ရမည့်ခရီးလမ်းတစ်လျှောက်တွင်လည်း မွန်တိုင်းရင်းသားများအနေဖြင့် အခြားသော ညီနောင်တိုင်းရင်းသားများ၊ တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူ စုစည်းလက်တွဲလျက် တော်လှန်ရေးလုပ်ငန်းစဥ်များတွင် အောင်မြင်စွာ ကြိုးပမ်းထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ညီနောင်တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၇) နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top