၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
၁။ ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် ပြည်တွင်း ပြည်ပရှိ မွန်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး တွဲလက်ညီညီဖြင့် စုပေါင်း ကြိုးစားဖော်ဆောင်နေသည့် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် နွေဦးတော်လှန်ရေး လုပ်ငန်းစဥ်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် မွန်တိုင်းရင်းသားတို့သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တန်းတူညီမျှခွင့်တို့ အပြည့် အဝရရှိရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များအတွက် တိုက်ပွဲဝင်ခဲ့ကြပါသည်။ မွန်တော်လှန်ရေး ခေါင်းဆောင်များဖြစ်ကြသော နိုင်ပန်းသာ၊ နိုင်မောင်သိန်းတို့ ဦးဆောင်သော မွန်မျိုးချစ်လူငယ် (၂၇) ဦးတို့က “ခေတ်သစ်မွန် လက်နက် ကိုင်တပ်” ကို ဖွဲ့စည်းကာ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၆း၃၀) နာရီ (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) တွင် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာမှ စတင်တော်လှန်ခဲ့သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်တော်လှန်ရေးနေ့အဖြစ် နှစ်စဥ်ကျင်းပခဲ့ကြရာ ယနေ့တွင် (၇၆) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
၃။ ယနေ့နွေဦးတော်လှန်ရေးတွင်လည်း မွန်တိုင်းရင်းသားတို့သည် အခြားသော ညီနောင် တိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးတွင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြပုံမှာ ဂုဏ်ယူလေးစားဖွယ်ကောင်းလှပါသည်။ မွန်တိုင်းရင်းသားများသည် အသက် ပေးဆပ်ခဲ့ကြသော မွန်ခေါင်းဆောင်ကြီးများ၏ မပြီးမြောက်ခဲ့သည့် တော်လှန်ရေးခရီးလမ်းကို ဦးလည်မသုန် ဆက်လက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် ချေမှုန်းရေး လမ်းခရီးတွင် ကျဆုံးခဲ့ကြရသော မွန်တော်လှန်ရေးခေါင်းဆောင်ကြီးများနှင့်တကွ မွန်တိုင်းရင်းသား ရဲဘော်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် တိုင်းရင်းသားပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအားလုံး “ဝါး” အစည်းပြေသကဲ့သို့ စုစည်းညီညွတ်မှု ပျက်ပြယ်စေရန် ရည်ရွယ်ချက် ရှိရှိ ထိုးခွဲလျက်ရှိနေသည်ကို အထူးသတိပြုကြစေလိုပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရယူနိုင်ခဲ့သည်မှာ အထင်ရှားဆုံး သမိုင်းသင်ခန်းစာပင် ဖြစ်ပါ သည်။ ဆယ်စုနှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရသော အသက်၊ သွေး၊ ချွေးနှင့် ခွန်အားများအတွက် ပိုမိုစည်းလုံးညီညွတ်ရန် အလွန်အရေးကြီးလှပါသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်း လာရေးသည် တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံးအပေါ် မူတည် လျက်ရှိပြီး ဇွဲ၊ သတ္တိနှင့် လုံ့လ၊ ဝီရိယရှိရန် အရေးကြီးသလို နိုင်ငံရေးအမြင်ကျယ်ရန်လည်း အထူး လိုအပ်ပါသည်။
၅။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်ရာခရီးလမ်းတွင် မိမိတို့အားလုံးအနေဖြင့် ကြုံလာသမျှကို အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းကာ အတူလျှောက်လှမ်းနိုင်ကြရန် ကြိုးစားကြ ရမည်ဖြစ်ပါသည်။ အာဇာနည်သူရဲကောင်းခေါင်းဆောင်များ၏ အသက်၊ ခန္ဓာ၊ ခွန်အားများ ရင်းနှီး ခဲ့ရသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လုပ်ငန်းစဥ်များ အောင်မြင်စေရန်မှာ မိမိတို့အားလုံး၏ တာဝန်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့်လည်း မွန်တိုင်းရင်းသားပြည်သူများအပါအဝင် အခြားသော ညီနောင်တိုင်းရင်းသားများ၊ တော်လှန်ရေးအင်အားစု ရဲဘော်ရဲဘက်များနှင့်အတူ ကြုံတွေ့လာမည့် အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ကာ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း နိုင်ငံရေးသန္နိဋ္ဌာန်ဖြင့် ကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ