Home / (၇၆) နှစ်မြောက် ကရင်အာဇာနည်နေ့ ပေးပို့သော သဝဏ်လွှာ

(၇၆) နှစ်မြောက် ကရင်အာဇာနည်နေ့ ပေးပို့သော သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

၁။ ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောဘဦးကြီးနှင့် ဗိုလ်ချုပ် စောစိုင်းကေတို့သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထိုကော်ကိုးရွာတွင် အကြမ်းဖက်စစ်အာဏာရှင်များနှင့် တိုက်ခိုက် ရင်း ကျဆုံးခဲ့သည့်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာ ယနေ့အချိန်တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ ယနေ့ကျရောက်သည့် ကရင်အာဇာနည်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်း ဆောင်ကြီးများနှင့်တကွ ကရင်အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါသည်။

၃။ ကရင်ပြည်သူလူထုသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပြီး ယနေ့နွေဦးတော်လှန်ရေးတွင် လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေရသော်လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ကရင်ပြည်သူလူထုအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ စွန့်လွှတ်စွန့်စားမှုများနှင့် ကြံ့ကြံ့ခံနိုင်မှုများကိုလည်း မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် အထူးပင် လေးစားဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။

၄။ စုပေါင်းခေါင်းဆောင်မှု၊ တာဝန်ခံမှုဖြင့် ဖွဲ့စည်းထားရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် မိမိတို့ တော်လှန်ရေးအင်အားစုများ အကြား ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်ကာ ပြည်ထောင်စုသားအားလုံးအတွက် အနာဂတ်သစ်ကို ဖန်တီးပေးနိုင်မည်ဟု မိမိတို့အနေဖြင့် အခိုင်အမာယုံကြည်ပါ သည်။ မိမိတို့အနေဖြင့်လည်း ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်း ကာ ကရင်လူထုနှင့် ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မဟာမိတ် တော်လှန်ရေး အင်အားစုအားလုံးနှင့်အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်။

၅။ ယနေ့ကျရောက်သော ကရင်အာဇာနည်နေ့မှသည် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေ လျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အတူတကွ လက်တွဲချီတက်ကာ အာဇာနည်သူရဲကောင်းအပေါင်းတို့ အသက်ပေး၍ စိုက်ထူခဲ့သော သမိုင်းပေးတာဝန်နှင့် တန်းတူညီမျှရေးရည်မှန်းချက်များ မပြီးမြောက်သေးသမျှ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုလျက် ဤ ကရင်အာဇာနည်နေ့သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top