Home / (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာ

(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

၁။         ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အချိန်အခါသမယတွင် ချင်းတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး ဘေးကင်းလုံခြုံကြပါစေကြောင်း နှင့် ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအားလုံးမှ အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။              နယ်ချဲ့အမွေအုပ်ချုပ်ရေးစနစ်ဟောင်းကို ဖျက်သိမ်းကာ ဒီမိုကရေစီပြည်သူ့အုပ်ချုပ်ရေး စနစ်သို့ စတင်ပြောင်းလဲကျင့်သုံးနိုင်ရန် ချင်းလူထုတစ်ရပ်လုံးက လူထုညီလာခံမှတစ်ဆင့် အတည်ပြု ထောက်ခံဆုံးဖြတ်ခဲ့ကြသော ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။              အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာကို အတင်းအဓမ္မ အာဏာသိမ်းယူခဲ့မှုကြောင့် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် ဘေးလွတ်ရာတိမ်းရှောင်နေရသဖြင့် ညီနောင် ချင်းတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်စဉ်ကျင်းပလေ့ရှိသော နေ့ထူးနေ့မြတ်များကို ပျော်ရွှင်စွာ စုံစုံညီညီ မကျင်းပနိုင်ခြင်းအတွက် ထပ်တူဝမ်းနည်းမိပါသည်။ အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှု များကြောင့် ချင်းတိုင်းရင်းသားများနှင့်အတူ အခြားသော တိုင်းရင်းသားပြည်သူများမှာ ဆင်းရဲဒုက္ခ အတိရောက်ကြကာ တိုင်းပြည်အနာဂတ် လူငယ်များစွာလည်း အချိန်မတန်ဘဲ ကြွေလွင့်ခဲ့ကြရပါ သည်။ ခေတ်အဆက်ဆက်၊ အရေးတော်ပုံအဆက်ဆက်နှင့် ယနေ့နွေဦးတော်လှန်ရေးတွင် ကျဆုံး ခဲ့ကြရသော ချင်းတိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်းအပေါင်း တို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါသည်။

၄။           အသက်စွန့်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ၏ မျှော်လင့်ချက်များကို ဆက်လက် အကောင်အထည်ဖော်ကြပြီး မပြီးမြောက်ခဲ့သည့် တာဝန်များကို တာဝန်သိစိတ်ဓာတ်ဖြင့် နိုင်ငံနှင့် လူမျိုးကို စစ်အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ရေးအတွက် နွေဦးတော်လှန်ရေး ခရီးလမ်း ဆက်လက်လျှောက်လှမ်းကြရဦးမည် ဖြစ်ပါသည်။ အကျည်းတန်ခဲ့သော အတိတ်သမိုင်းက ဖြစ်ရပ် များနှင့် ဒဏ်ရာဒဏ်ချက်များကို အကောင်းဆုံးကုစားပေးနိုင်မည့် အနာဂတ် မျိုးဆက်သစ်များ အတွက် တန်းတူညီမျှမှုများ အပြည့်အဝပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား အမြန်ဆုံးတည်ဆောက်သွားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း ညီညွတ်ခြင်းစိတ်ဓာတ်တို့ကို အခြေတည်လျက် ရှေ့ဆက်ချီတက်ကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

၅။         တိုင်းရင်းသားပြည်သူများအားလုံး၏ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသောကြောင့် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ တိုက်ထုတ် နိုင်ကာ မြန်မာနိုင်ငံလွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါသည်။ ထိုနည်းတူစွာပင် ယနေ့အချိန်တွင်လည်း အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ကွယ်ပျောက်သွားစေရေး ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကတိပြုလျက် ဤ (၇) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top