Home / (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်

၁။              ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့တွင် ကရင်နီတပ်မတော်မှ စစ်သည်၊ ရဲဘော်များနှင့်တကွ ကရင်နီတိုင်းရင်းသားများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်းနှင့် တိုက်ပွဲများကင်းစင်သည့် အေးချမ်းသာယာသော နယ်မြေအဖြစ်သို့ အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။          ကရင်နီပြည်သည် ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အချိန်ကာလကပင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိခဲ့သည့် သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက် ဖဆပလတပ်များသည် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ခွန်ဘီတူရီခေါင်းဆောင်သော တပ်ဖွဲ့များ အခြေစိုက်ရာနေရာ မြလဲရွာသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံတော်လှန်ရင်း တကွဲတပြားစီဖြစ်သွားသော်လည်း ဩဂုတ်လ ၁၇ ရက်နေ့တွင် တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည့်အတွက်ကြောင့် ကရင်နီတပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် စိန်ရတုနှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၃။              ကရင်နီတိုင်းရင်းသားတို့သည် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးတို့အတွက် နှစ်ပေါင်း (၇၀) ကျော်ကြာ အာဏာရှင်စနစ်ဆိုးအား တွန်းလှန်တိုက်ထုတ်နေသည့်နည်းတူ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ခိုင်မာသော စုဖွဲ့မှု၊ ကြံ့ခိုင်သော စုစည်းညီညွတ်မှုတို့ဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတွင် အဓိက ပါဝင်လျက်ရှိပါသည်။ ယခုကဲ့သို့ ကရင်နီတိုင်းရင်းသားတို့၏  ကြိုးပမ်းအားထုတ်မှုများသည် တိုင်းပြည်နှင့် လူမျိုးအတွက် စစ်မှန်သော လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့အတွက် အား‌အင် တစ်ရပ်အဖြစ် မိမိတို့ ယုံကြည်တန်ဖိုးထား‌ပါကြောင်းနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အသက်စွန့် ခဲ့ကြသည့် ကရင်နီတိုင်းရင်းသား အာဇာနည်သူရဲကောင်းတစ်ဦးချင်းစီအား မိမိတို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်  တန်ဖိုးထားကာ ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါသည်။

၄။           အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများအချင်းချင်း၊ ပြည်သူလူထု အချင်းချင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းအကြား အထင်အမြင်လွဲအောင် သပ်လျှို သွေးခွဲမှုများဖြင့် အင်အားကြီးမားပြီး အရှိန်အဟုန်ကောင်းနေသည့် နွေဦးတော်လှန်ရေး ရပ်တန့် သွားအောင် လုပ်ဆောင်နေမှုများကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ စစ်ရေးအသိ၊ စစ်ရေးသတိ များဖြင့် ဆင်ခြင်သုံးသပ်ကာ စုပေါင်းအင်အားဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဆက်လက် တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းလိုပါသည်။

၅။      လက်ရှိ ကြုံတွေ့နေသည့် စိန်ခေါ်မှုများနှင့် နောင်တွင် ကြုံတွေ့ရမည့် အခက်အခဲ ဒုက္ခများကို ယခုကဲ့သို့ လက်တွဲညီစွာ ရင်ဆိုင်ကျော်ဖြတ်သွားမည်ဆိုလျှင် ကရင်နီတိုင်းရင်းသားများ နှင့်တကွ တိုင်းရင်းသားပြည်သူအားလုံးတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အလျင်အမြန် ရောက်ရှိနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်လျက် မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ညီနောင်တိုင်းရင်းသားများနှင့်အတူ  ဆက်လက်ပူး‌ပေါင်းကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း  ထပ်လောင်း ကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  

Scroll to Top