Home / (၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်

၁။         ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့် ကရင်အာဇာနည်နေ့သည် ယနေ့တွင် (၇၃) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ အတိတ်သမိုင်းတွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင်တိုင်းရင်းသားအာဇာနည်များက ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့အတွက် အဖိနှိပ်ခံဘဝမှ လွတ်မြောက်နိုင်ရန် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့ကြသော ကြောင့် ၎င်းတို့၏ ကိုယ်ကျိုးစွန့် ပေးဆပ်အနစ်နာခံမှု၊ လေးစားဖွယ်ရာ တည်ကြည်သည့် စိတ်ဓာတ် နှင့် ဂုဏ်ကျေးဇူးများအား အောက်မေ့သတိရခြင်းအားဖြင့် ကရင်အာဇာနည်နေ့အား နှစ်စဥ် ကျင်းပ လျက် ရှိပါသည်။

၂။              ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ရပ်တည်ချက်ခိုင်မာစွာ ခေတ်အဆက်ဆက် အာဏာရှင် များအား ဆန့်ကျင်လျက်ရှိသည့် ကရင်တစ်မျိုးသားလုံးနှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်များအား ယနေ့ ကျရောက်သည့်အောက်မေ့ဖွယ်နေ့တွင် လေးမြတ်စွာ ဂုဏ်ပြုဦးညွှတ်လိုပါသည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် တသားတည်း ပေါင်းစု လျက်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတွင် တစိုက်မတ်မတ် အားအင်အပြည့် ဖြင့် တိုက်ပွဲဝင်ရင်း ကျရာတာဝန်များအား သွေးစည်းညီညွတ်စွာ ထမ်းဆောင်လျက် ရှိသည့်အတွက် လည်း လွန်စွာ ဝမ်းသာဂုဏ်ယူမိပါသည်။  

၃။                  ကရင်တစ်မျိုးသားလုံးအနေဖြင့် ကရင်အာဇာနည်များ၏ မျှော်မှန်းချက်များအား လက်တွေ့ အကောင်အထည်ဖော်နိုင်ကြကာ နွေဦးတော်လှန်ရေးအောင်မြင်မှုများအား မိမိတို့ အားလုံးနှင့်အတူ တွဲလက်မြဲမြံစွာ စုစည်းမှုအင်အားဖြင့် တည်ဆောက်ရယူလျက် မိမိတို့ယုံကြည် တန်ဖိုးထားသော ဒီမိုကရေစီစံနှုန်းများ ပြည့်ဝသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအား မဝေးသော အချိန်တစ်ခုတွင် တည်ထောင်နိုင်မည်ကို အကြွင်းမဲ့ယုံကြည်မိပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ပြည်သူများ၏ အကျိုးအတွက် ထမ်းရွက်လျက် အာဏာရှင် စနစ်အား အပြီးသတ်အမြစ်ဖြတ်နိုင်ရေးတွင် အားလုံးသော တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်လက်ပူးပေါင်း၍ ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုကာ ဤ (၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့ သဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top