၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
၁။ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး ယနေ့တွင် (၆၆) နှစ်မြောက် သမိုင်းဝင်ခရီးလမ်းအား လျှောက်လှမ်းနိုင်ခဲ့ကြပြီဖြစ်ကာ ဤနေ့ထူးနေ့မြတ်အား ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၊ ကချင်ပြည်သူလူထုနှင့် ရဲဘော်ရဲဘက်အားလုံးနှင့်အတူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုအပ်ပါသည်။
၂။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ကချင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် ရပိုင်ခွင့်တို့အတွက် နှစ်ပေါင်း (၆၆) နှစ်တိုင်တိုင် ကြံ့ကြံ့ခံတိုက်ပွဲဝင်လာခဲ့ကြပြီး ဤ တော်လှန်ရေးခရီးကြမ်းတစ်လျှောက်တွင် ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားသော ဦးဆောင်မှုနှင့်အတူ ကချင်ပြည်သူများ၏ ကြံ့ခိုင်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကို အထင်အရှား တွေ့မြင် နိုင်ပါသည်။ ဤကာလအတွင်း အသက်ခန္ဓာများ ပေးဆပ်၍ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် ကချင် အမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထုအား မိမိတို့အနေဖြင့် ဂုဏ်ယူလေးစားစွာဖြင့် အလေးအမြတ်ပြု ဦးညွှတ်အပ်ပါသည်။
၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် မိတ်ဖက် တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ထပ်လောင်းအတည်ပြုအပ်ပါသည်။
၄။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် ခိုင်မာသော မူဝါဒများနှင့်အညီ ပြည်သူ့ အကျိုးပြု ရှေ့လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။ ထို့အပြင် မဟာမိတ် တော်လှန်ရေး အင်အားစုများအားလုံးနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်လျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


