Home / (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ သဝဏ်လွှာ

(၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

၁။ ၁၉၆၂ ခုနှစ်တွင် အကြမ်းဖက် စစ်အာဏာရှင်နေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုက တက္ကသိုလ်ကျောင်းသားထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင်စည်းကမ်း (၂၂) ချက်ကို မတရားထုတ်ပြန်ခဲ့သည့်အတွက် ကျောင်းသားထုတစ်ရပ်လုံးက ဆန့်ကျင်ဆန္ဒပြရာမှ စတင်ခဲ့သည့် သမိုင်းဝင် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် (၆၄) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ကြွေလွင့်သွားခဲ့ကြသော ကျောင်းသားလူငယ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အောက်မေ့သတိရလျက် ဦးညွှတ်အလေးပြုအပ်ပါသည်။

၂။ မြန်မာ့သမိုင်းတစ်လျှောက်တွင် ကျောင်းသားထုသည် လွတ်လပ်ရေးကြိုးပမ်းမှုမှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းရာတွင် အဓိက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ သမိုင်းတစ်ပတ်လည်၍ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အာဏာကို အဓမ္မသိမ်းယူခဲ့သော်လည်း ဆဲဗင်းဂျူလိုင် ကျောင်းသားခေါင်းဆောင်များ ချန်ထားရစ်ခဲ့သည့် သမဂ္ဂစိတ်ဓာတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသန္နိဋ္ဌာန်ကိုမူ မည်သို့မျှ လုယူဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ယနေ့ နွေဦးတော်လှန်ရေး၏ မျိုးဆက်သစ်လူငယ်မောင်မယ်များနှင့် ကျောင်းသားထုက လက်ဆင့်ကမ်းသယ်ဆောင်လျက်ရှိပါသည်။

၃။ ခေတ်အဆက်ဆက် ဖိနှိပ်မှုဟူသမျှကို မဆုတ်မနစ် တွန်းလှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များ၏ ဇွဲ၊ သတ္တိသည် ရဲရင့်ပြတ်သားလှပါသည်။ စစ်အာဏာရှင်တို့အနေဖြင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုခွင်းဖျက်ဆီးနိုင်ခဲ့သော်လည်း ကျောင်းသားထု၏ နှလုံးသားထဲမှ သမဂ္ဂစိတ်ဓာတ်နှင့် သမဂ္ဂအလံတော်ကိုမူ ဘယ်သောအခါမျှ သတ်ဖြတ်ဖြိုခွင်း၍ မရခဲ့ဘဲ ယနေ့တိုင် တော်လှန်ရေးခရီးလမ်းတွင် ရဲဝံ့စွန့်စားစွာဖြင့် ဆက်လက် လွှင့်ထူရှင်သန်နေဆဲဖြစ်ပါသည်။

၄။ သမိုင်းအဆက်ဆက် မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်ဆိုးကြီး အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ညီညွတ်စွာ ပူးပေါင်းလက်တွဲကြိုးပမ်းကြရန် အထူးလိုအပ်ပါသည်။ ထို့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တော်လှန်ရေးအင်အားစုအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

၅။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကျဆုံးခဲ့သော ကျောင်းသားအာဇာနည် သူရဲကောင်းများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ်များ၏ အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများ အချည်းနှီးမဖြစ်စေရန်အတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် တော်လှန်ရေးအင်အားစုများ၊ မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူတစ်ရပ်လုံးနှင့်အတူ တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ နောက်မဆုတ်တမ်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top