Home / (၆၁) နှစ်ပြည့် ဆဲဗင်းဂျူလိုင်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၆၁) နှစ်ပြည့် ဆဲဗင်းဂျူလိုင်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

၁။                  ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့သည် မြန်မာနိုင်ငံ၏ ကျောင်းသားသမိုင်းတွင် မေ့ဖျောက်၍ မရနိုင်သည့် ကြေကွဲဖွယ်နေ့ တစ်နေ့အဖြစ် သမိုင်းအရိပ်ဆိုးထင်ကျန်ခဲ့ရပြီး အကြမ်းဖက် စစ်အာဏာ ရှင်များက ကျောင်းသားလူငယ်များအား လက်နက်အားကိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်သည် ယနေ့တွင် (၆၁) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။            စစ်အာဏာရှင်နေဝင်းဦးဆောင်သော အကြမ်းဖက် အာဏာသိမ်းအစိုးရသည် တက္ကသိုလ် ကျောင်းသားထုအား ဖိနှိပ်ချုပ်ချယ်သည့် တရားမျှတမှုမရှိသော ကျောင်းဆောင်စည်းကမ်းသစ် (၂၂) ချက်ကို ထုတ်ပြန်ခဲ့ရာ ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂတို့အနေဖြင့် ယင်းကိစ္စအတွက် တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ ၎င်းနောက် စစ်တပ်သည် လက်နက် သုံး၍ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြကျောင်းသားထုကြီးအား ဖြိုခွဲရာ ကျောင်းသားများ ရာချီ သေဆုံးခဲ့ကြရပြီး ကျောင်းသားသမဂ္ဂအဆောင်ကိုလည်း ဗုံးခွဲ ဖျက်ဆီးခံခဲ့ရပါသည်။ ထိုအချိန်မှ စ၍ စစ်အာဏာရှင်များအဆက်ဆက် ကျောင်းသားသမဂ္ဂများကို တရားဝင်ရပ်တည်ခွင့်များအား ပိတ်ပင်ခဲ့ကြကာ ကျောင်းသားများ၏ ခေါင်းဆောင်မှုအား ကွယ်ပျောက်သွားစေရန် ကြိုးပမ်းခဲ့ကြ ပါသည်။

၃။           အကြမ်းဖက်စစ်အာဏာရှင်များက ကြောက်ရွံ့အောင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဖိနှိပ်ခဲ့ကြသော်လည်း ကျောင်းသားလူငယ်ခေါင်းဆောင်များသည် ခေတ်အဆက်ဆက်ပေါ်ထွန်းကာ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေကြဆဲ ဖြစ်ပါသည်။ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းခံရသောကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော်လည်း ဇူလိုင်လ ၇ ရက်နေ့က စတင်ပေါက်ဖွားလာသည့် ကျောင်းသားလူငယ်များ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်သည် ယနေ့အချိန်အထိ ရှင်သန်ကြီးထွားနေဆဲ ဖြစ်ပါသည်။ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော ကျောင်းသားလူငယ်များ၏ မျိုးချစ်စိတ်ဓာတ်သည် လေးစားအတုယူဖွယ် ဖြစ်ပါသည်။

၄။           ယနေ့နွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍနှင့် ပါဝင်မှုသည် လွန်စွာကြီးမားသော အင်အားတစ်ရပ် ဖြစ်ပါသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် မပြီး မြောက်ခဲ့သည့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဆက်လက် ဆင်နွှဲနေကြဆဲဖြစ်ပါသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ ယနေ့ ကျောင်းသားများသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ ခေါင်းဆောင်ကောင်းများ ဖြစ်ကြမည် ဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ အာဏာရမ္မက်ကြီးမှုကြောင့် ကျောင်းသားလူငယ်များသည် စာသင်ကျောင်းများနှင့် တက္ကသိုလ်စာသင်ခန်းများတွင် ကျောင်းစာများကို သင်ယူနေရမည့်အစား အာဏာရှင်အမြစ်ပြတ် တိုက်ထုတ်ရေးမှာ အသက်၊ သွေး၊ ချွေးများကို စတေးကာ တိုက်ပွဲဝင်နေ ကြရပါသည်။

၅။         ဆဲဗင်းဇူလိုင်တွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများနှင့်တကွ နွေဦး တော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်း ကျောင်းသားလူငယ်များအား ဤ သဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။ ဆဲဗင်းဇူလိုင်ဖြစ်ရပ်သည် ယခင်မျိုးဆက် အဆက်ဆက်မှသည် ယနေ့အချိန်အထိ ကျောင်းသားများအပေါ် သက်ရောက်မှုကြီးမားခဲ့ပြီး စစ်အာဏာရှင်များအပေါ် ကျောင်းသားများ၏ နာကျည်းချက်ကြီးတစ်ရပ်အဖြစ် သမိုင်းတွင်ကျန်ရစ် ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂကပင် မြန်မာ့လွတ်လပ်ရေးသမိုင်းထဲက ခေါင်းဆောင်အမြောက် အမြားကို မွေးထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

၆။         ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ဆဲဗင်းဇူလိုင် စိတ်ဓာတ်၊ အမှန်တရားကိုချစ်မြတ်နိုးကာ အနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်၊ သံမဏိစိတ်ဓာတ်များကို အရင်း တည်ကာ ခေတ်အဆက်ဆက်က တိုင်းပြည်နှင့်လူမျိုးအပေါ် လက်နက်အားကိုးဖြင့် အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အာဏာရူးများကို ဤနွေဦးတော်လှန်ရေးကြီးဖြင့် အပြီးသတ် မောင်းထုတ်ကြပါ စို့လို့ တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top