Home / (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ ပေးပို့သော သဝဏ်လွှာ

(၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ ပေးပို့သော သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်

၁။ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်၌ ကချင်လွတ်လပ် ရေးအဖွဲ့ (Kachin Independence Organization-KIO)နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (Kachin Independence Army-KIA) တို့၏ ထူထောင်သူ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC- Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် VCS-Lahtaw Zaw Tu နှင့် အထွေထွေ အတွင်းရေးမှူး Salang Kaba Pungshwi Zau Seng တို့အား ဂုဏ်ပြုသော အားဖြင့် ဩဂုတ်လ (၁၀) ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် (၅၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၂။ (၅၁) နှစ်ကြာ ကချင်တော်လှန်ရေးခရီးတစ်လျှောက်တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် အခွင့်အရေးများအတွက် စစ်အာဏာရှင်အဆက်ဆက်ကို မဆုတ်မနစ် တော်လှန် ရင်း အသက်ပေးဆပ်ခဲ့ကြရသော ကချင်တိုင်းရင်းသားခေါင်ဆောင်ကြီးများနှင့်တကွ ကချင် အာဇာနည်သူရဲကောင်းအပေါင်းတို့အား မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။ ခေတ်အဆက်ဆက် ပေးဆပ် ခဲ့ကြသော ကချင်အာဇာနည်တို့၏ စိတ်ဓာတ်နှင့် သတ္တိတို့သည် ယနေ့ခေတ် မျိုးဆက်သစ်များ အတွက် လမ်းပြကြယ်များပင် ဖြစ်ပါသည်။

၃။ ခက်ခဲကြမ်းတမ်းသည့် ကာလတစ်လျှောက် KIO/KIA သည် ကချင်ပြည်နယ်အတွင်း သာမက မြန်မာ့ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပါ အရေးပါသော မဟာဗျူဟာမြောက်မဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ ကြိုးပမ်းခဲ့ခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ အဓိကကျသော တော်လှန် ရေးအောင်ပွဲများကို ရရှိပိုင်ဆိုင် နိုင်ခဲ့ပါသည်။

၄။ ယနေ့အချိန်သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုသည် သာ အဓိက သော့ချက်ဖြစ်ပါသည်။ စစ်အာဏာရှင်တို့၏ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တော်လှန်ရေးအင်အားစုများအကြား သပ်လျှို သွေးခွဲမှုများနှင့် ပရိယာယ်များကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ တော်လှန်ရေးအသိ၊ တော်လှန်ရေး သတိတို့ဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင် ကျော်လွှားကြရမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် ကချင် တော်လှန်ရေးအင်အားစုများတို့သည် အဓိက မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

၅။ နိုင်ငံရေးအလှည့်အပြောင်း ကြီးမားနေသည့် ယခုအချိန်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင်လည်း အခြားအင်အားစုများနှင့်အတူ မိမိတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာနေဆဲပင် ဖြစ်ပါသည်။ ဆက်လက်၍ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ အတွက် ကချင်တော်လှန်ရေးအင်းအားစုများအပါအဝင် ပြည်ထောင်စုတစ်ဝှမ်းရှိ တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ အာဇာနည်တို့ မျှော်မှန်းခဲ့သည့် တန်းတူညီမျှသော၊ တရားမျှတပြီး ငြိမ်းချမ်းသာယာသော အနာဂတ်ဆီသို့ ပြည်သူက ပေးအပ်ထားသည့် ပြည်သူ့ဆင့်လွှဲ အာဏာဖြင့် ရရှိထားသည့် တရားဝင်မှု နိုင်ငံရေးလက်နက်ကို ကိုင်စွဲလျက် ဆက်လက် ထမ်းဆောင်မည် ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top