Home / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်

၁။ ၈၈၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကြီးနှင့်အတူ ရှင်သန်ပေါက်ဖွားလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းမှ မြို့ပြ ကျေးလက်မကျန် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုစည်းပါဝင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး (၃၈) နှစ်တိုင်တိုင် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည့်အတွက် မိမိတို့အနေဖြင့် အထူးပင် လေးစားဂုဏ်ယူ ပါကြောင်း ဖော်ပြလိုပါသည်။
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ခေါင်းဆောင်ကောင်းတို့၏ ဦးဆောင်လမ်းညွှန်မှု များဖြင့်သာမက ပါတီ၏ အခြေခံမူများနှင့်အညီ နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် တော်လှန် ရေးအင်အားစုအသီးသီးတို့နှင့် ဟန်ချက်ညီညီ ချိတ်ဆက်လှုပ်ရှားဆောင်ရွက်နေသည်မှာ ပြည်သူ များအတွက် ကြီးမားသော ခွန်အားတစ်ရပ် ဖြစ်ပါသည်။

၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့အကျိုးပြုနိုင်ငံရေးပါတီတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုလက်ခံထားကာ ယနေ့အချိန်ထိတိုင် နိုင်ငံရေးအောင်မြင်မှု သမိုင်းမှတ်တမ်းကောင်းများကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါသည်။ ပြည်သူလူထု၏ ထောက်ခံ အားပေးမှု မပါရှိလျှင် မည်သည့် ပါတီ၊ အစုအဖွဲ့၊ အဖွဲ့အစည်းမျှ ယခုကဲ့သို့ နှစ်ကာလ ရှည်ကြာစွာ ရှင်သန်ရပ်တည်နိုင်ရန်မှာ ခက်ခဲလှပါသည်။

၄။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့သည် အဖွဲ့ချုပ်၏ ပြည်သူ့ဦးဆောင်မှုအခန်းကဏ္ဍ အား လွန်စွာကြောက်လန့်ခဲ့ကြပြီး စတင်တည်ထောင်ချိန်မှစ၍ ပါတီတည်ထောင်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်ချခြင်းများကို လုပ်ဆောင်ခဲ့ရုံသာမက လက်ရှိနွေဦးတော်လှန်ရေးတွင် လည်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ အဖွဲ့ဝင် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် ပါတီအဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး အကျဉ်းချထားဆဲဖြစ်ပါသည်။ အဖွဲ့ချုပ်ပါတီအား ဖျက်သိမ်းစာထုတ်ပြန်ခြင်းနှင့် ရုံးအဆောက်အဦ၊ မှတ်တမ်းအချက်အလက်တို့အား ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များအား ကျူးလွန်လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။

၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် အနိမ့် အမြင့်၊ အတက်အကျများစွာဖြင့် ကြုံတွေ့ရသော စိန်ခေါ်မှုများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြတ်သန်း လာနိုင်သည့်အတွက် ယနေ့ကာလများတွင်လည်း အကောင်းဆုံးသော ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် ပြည်သူနှင့်အတူတူ မားမားမတ်မတ်ရပ်တည်၍ နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ အတူတကွ လျှောက်လှမ်းသွားနိုင်မည်ကို ယုံကြည်ပါသည်။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အနာဂတ်တွင် ပါတီ၏ အဓိက နိုင်ငံရေး မူဝါဒ များနှင့် ရပ်တည်ချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်လျက် ပြည်သူလူထုအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် အဖွဲ့ချုပ်တည်ထောင်ခြင်းအထိမ်းအမှတ်သဝဏ်လွှာအား ဂုဏ်ပြုပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top