၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
၁။ လွန်ခဲ့သော (၃၈) နှစ်၊ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့သည် မြန်မာ့သမိုင်းတွင် တစ်ပါတီအာဏာရှင်စနစ်နှင့် မတရားဖိနှိပ်မှုများကို တွန်းလှန်ရန် ကျောင်းသား၊ ရဟန်းရှင်လူနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တစ်ခဲနက် ပူးပေါင်းကာ အသက်၊ သွေး၊ ချွေးများစွာ စွန့်လွှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲဝံ့စွာ တောင်းဆိုဆန္ဒပြခဲ့ကြသည့် သမိုင်းဝင် အထင်ကရ နေ့တစ်နေ့ ဖြစ်ပါသည်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးသည် တိုင်းရင်းသားပြည်သူ များ၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ အခွင့်အရေးများအတွက် ရင်းနှီးပေးဆပ်ခဲ့ကြသော တော်လှန်ရေးစိတ်ဓာတ်၏ ပထမခြေလှမ်းနှင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အခြေခံအုတ်မြစ်ကြီးလည်း ဖြစ်ပါသည်။
၂။ ၁၉၈၈ ကာလမှစ၍ ယနေ့ထိတိုင် စစ်အာဏာရှင်အဆက်ဆက်သည် လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများဖြင့် နှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေသော်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ အခွင့်အရေးတို့အတွက် မျှော်လင့်ချက်နှင့် ကြိုးပမ်းမှုများကိုမူ တားဆီးနိုင်ခဲ့ခြင်းမရှိပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ တစ်ဆင့် မွေးဖွားရှင်သန်လာခဲ့သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စွန့်လွှတ်ပေးဆပ်မှုနှင့် ပြတ်သားသော ဆုံးဖြတ်ချက်များသည် ယနေ့ နွေဦးတော်လှန်ရေးအထိတိုင် ခိုင်မာရှင်သန်လျက် ရှိပြီး သမိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်များကို အမြင့်မားဆုံး ခြိမ်းခြောက်နိုင်ခဲ့ပြီး ဖြစ်ပါ သည်။
၃။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်မိစ္ဆာတို့သည် တရားဝင်မှု ရရှိနိုင်ရန်နှင့် အသိအမှတ် ပြုမှု ရရှိနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသော်လည်း လူထုဆန္ဒနှင့် ဒီမိုကရေစီစံနှုန်းတို့ အား ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေခြင်းကြောင့် အယောင်ပြပြောင်းလဲမှုများကိုသာ ရရှိ နိုင်မည်ဖြစ်ပါသည်။ အယောင်ပြပြောင်းလဲမှုများဖြင့် လက်ရှိ နိုင်ငံ၏ အခြေအနေများကို အပေါင်း လက္ခဏာဆောင်သော ပြောင်းလဲမှုများသို့ အမှန်စင်စစ် ဖော်ဆောင်နိုင်မည် မဟုတ်ပါ။ ပြည်သူ လူထုအပေါ်၌ လက်နက်အင်အားနှင့် အကြမ်းဖက်မှုမျိုးစုံသုံး၍ ဖိနှိပ်ထားခြင်းဖြင့် နိုင်ငံ၏ တရားဝင် အစိုးရအဖြစ် ပုံဖော်ကြိုးပမ်းမှုသည် အင်မတန်ရှက်ဖွယ်လုပ်ရပ် ဖြစ်ပါသည်။
၄။ လက်နက်အားကိုးဖြင့် တိုင်းပြည်နှင့် လူမျိုး၏ အနာဂတ်ကို ဖျက်ဆီးခွင့် ရရှိနေသည့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးအား အပြီးတိုင် ဖယ်ရှားအဆုံးသတ်နိုင်မှသာ မိမိတို့ အားလုံး လိုလားမျှော်လင့်နေသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို လက်တွေ့ကျကျ တည်ဆောက်နိုင်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် စစ်မှန်သော လွတ်လပ်မှု၊ ရေရှည်တည်တံ့ သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုတို့ကို သမိုင်းအမွေအဖြစ် ပေးအပ်နိုင်မည်ပင် ဖြစ်ပါသည်။ ပြည်သူ လူထုနှင့် အင်အားစုအသီးသီး၏ ညီညွတ်သော စုစည်းမှုအင်အားသည် မိမိတို့၏ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်တို့အတွက် ချောက်ချားထိတ်လန့်စေသော အင်အားတစ်ရပ် ဖြစ်ပါသည်။
၅။ ရှိရင်းစွဲ ညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ပြီး တိုင်းပြည်၏ အဓိက သမိုင်းတရားခံဖြစ်သည့် စစ်အာဏာရှင်စနစ်ဆိုးကို အဆုံးသတ်ကာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် ခေတ်အဆက်ဆက် အရေးတော်ပုံများတွင် ပါဝင်ခဲ့ကြ သော၊ စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းများ၏ ကျေးဇူးတရားနှင့် ပေးဆပ်မှုများကို အစဉ်အမြဲ သတိရဂုဏ်ပြုလျက်၊ ပြည်သူတို့ မျှော်လင့်တောင့်တသော စစ်မှန်သည့် လွတ်လပ်မှု၊ တရားမျှတမှု နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး မလွဲမသွေတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


