Home / လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ သန္ဓေတည်၍ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကာ ယနေ့အချိန်တွင် (၃၇) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည့်အပြင် လူငယ်များ၏ နိုင်ငံရေးတွင် တက်ကြွစွာပါဝင်လာမှုကို အားပေးမြှင့်တင်ကာ နိုင်ငံရေးခေါင်းဆောင်မှုနှင့် ဒီမိုကရေစီ တန်ဖိုးများအား မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းများဖြင့် ခိုင်မာစွာ ရပ်တည်ခဲ့သည့် ပါတီ၏ သမိုင်းအစဉ်အလာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အထူးလေးစား ဂုဏ်ယူပါသည်။

၂။ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့သည့် ဤ (၃၇) နှစ်တာကာလအတွင်း ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများကြားမှ ရဲရင့်ပြတ်သားစွာ ရင်ဆိုင်တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြရသော ပါတီဝင် အာဇာနည် သူရဲကောင်းအပေါင်းတို့အား ဦးညွှတ်အလေးပြုအပ်ပါသည်။ ၎င်းတို့၏ ရဲရင့်မှုနှင့် စွန့်လွှတ်စွန့်စားမှုတို့ကို အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်ပြီး ထိုအာဇာနည်တို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိမိတို့အနေဖြင့် အလေးအနက် ကတိပြုအပ်ပါသည်။

၃။ လက်ရှိကာလ၌ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတကာနှင့် အာဆီယံကို လှည့်စားရန် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းလျက်ရှိပါသည်။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ပြီး ပြည်သူလူထုထောက်ခံမှုရရှိထားသော ပါတီများမှ ခေါင်းဆောင်များနှင့် ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်၍ ကျင်းပမည့် ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း ကမ္ဘာက အတိအလင်းသိရှိစေရန် တော်လှန်ရေးအင်အားစုအားလုံး အနေဖြင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်မှုမရှိသည့်အပြင် တရားမျှတမှုလည်း ကင်းမဲ့နေမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ မဲမသမာမှုများဖြင့် ပြည့်နှက်နေမည့် ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီကို လုံးဝဆောင်ကြဉ်းပေးနိုင်မည်မဟုတ်သကဲ့သို့ ပြည်သူလူထု၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်အားလုံး ဆိတ်သုဉ်းသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူလူထုနှင့်တကွ တော်လှန်ရေးအင်အားစုများအားလုံးအနေဖြင့် အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို ကမ္ဘာက အသိအမှတ်မပြုစေရေး အထူးအလေးပေး ဆောင်ရွက်သွားကြရန်လည်း ထပ်လောင်း တိုက်တွန်းအပ်ပါသည်။ ဤသည်သာ အကြမ်းဖက်စစ်အာဏာရှင်များ၏ နောက်ဆုံးထွက်ပေါက်ကို ပိတ်ဆို့နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည့်အတွက် မိမိတို့အားလုံး ပိုမိုစည်းလုံးညီညွတ်သော စိတ်ဓာတ်ဖြင့် ရှေ့သို့ ချီတက်ကြရန် အရေးတကြီး လိုအပ်ပါသည်။

၅။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် (၃၇) နှစ်တာကာလတစ်လျှောက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ရဲဝံ့ပြတ်သားစွာ ရင်ဆိုင်တွန်းလှန်ရင်း ပြည်သူလူထုနှင့်အတူ တစ်သားတည်း ရပ်တည်ခဲ့သည့် သမိုင်းအစဉ်အလာအတိုင်း ရှေ့ဆက်၍လည်း ပြည်သူလူထုအတွက် အားကိုးအားထားပြုရသော ပါတီကောင်းတစ်ရပ်အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်။ ပြည်သူ့ အာဏာ ပြည်သူ့ထံ ပြန်လည်ရောက်ရှိစေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်‌ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top