၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
၁။ ကျောင်းသားလူထု လှုပ်ရှားမှုကြီးဖြင့် တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးနှင့် မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီရရှိရေးတို့အတွက် ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးသည် ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ မိမိတို့နိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးအဖြစ် မိမိတို့ တိုင်းရင်းသားပြည်သူများအတွက် မေ့ပျောက်မရနိုင်သော သမိုင်း ပုံရိပ်တစ်ခုပင် ဖြစ်ပါသည်။
၂။ ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်တို့သည် ပြည်သူလူထုအပေါ် အကြမ်းဖက်နည်းလမ်းမျိုးစုံဖြင့် လူမဆန်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့ကြသော်လည်း ပြည်သူလူထု၏ အတွင်းစိတ်သန္တာန်ရှိ “စစ်အာဏာရှင်တို့ လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဟူသည့် ယုံကြည်ချက်အား ရိုက်ချိုးနိုင်ခြင်း မရှိခဲ့ပါ။ ဤ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှတစ်ဆင့် လက်ဆင့်ကမ်း စီးဆင်းလာသော ရဲရင့် တည်ကြည်သည့် စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုသည့် စိတ်ဓာတ်တို့သည် ယနေ့အချိန်ထိ မျိုးဆက်သစ်များ၏ ရင်ထဲတွင် ကိန်းအောင်းရှင်သန်လျက်ရှိပြီး ယနေ့ နွေဦးတော်လှန်ရေးအထိတိုင် ထင်ထင်ရှားရှား တွေ့မြင်နေရဆဲ ဖြစ်ပါသည်။
၃။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးနှင့် ခေတ်အဆက်ဆက် လူထုအရေးတော်ပုံများတွင် မြင့်မြတ်ရဲရင့်သော စိတ်ဓာတ်ကို ကိုင်စွဲကာ အသက်၊ ခန္ဓာ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသော ရဟန်းသံဃာတော်များ၊ ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်တကွ နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဂုဏ်ယူလေးစားစွာ ဦးညွှတ်အလေးပြုပါကြောင်း ဖော်ပြအပ်ပါသည်။
၄။ သမိုင်းမော်ကွန်းဝင်သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးမှသည် လက်ရှိ နွေဦးတော်လှန်ရေးအထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ မြဲမြံသော စိတ်ဓာတ်၊ ယုံကြည်ချက်တို့သည် ပိုမိုခိုင်မာလာခဲ့ခြင်းနှင့်အတူ သမိုင်းတစ်ဆစ်ချိုးအချိန်ရောက်ရှိလာသည့် ယနေ့အချိန်တွင် စစ်ရေး၊ နိုင်ငံရေးတွင် အစုအဖွဲ့အသီးသီးက ပါဝင်ကြိုးပမ်းနေကြခြင်းကြောင့် စစ်အာဏာရှင်များအပေါ် သိသာပေါ်လွင်သော အောင်မြင်မှုများကို ရယူထားနိုင်ပြီဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်အတွက် ဒီမိုကရေစီရရှိရေး ရည်မှန်းချက်သည်သာမက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်မှန်းချက်သည်လည်း အောင်မြင်ရန် ပိုမိုနီးကပ်လာသည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
၅။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသည့် ဒီမိုကရေစီမျိုးစေ့တို့သည် ယခုနွေဦးတော်လှန်ရေးထိတိုင် ရှင်သန်ကြီးထွားလျက်ရှိကာ မိမိတို့အားလုံး မျှော်မှန်း ကြိုးစားနေသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးများ အပြီးတိုင်ပျက်သုဉ်း၍ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ရည်မှန်းချက်အား စုပေါင်းညီညွတ်စွာဖြင့် အချိန်တိုတိုအတွင်း အကောင်အထည်ဖော်ဆောင်သွားနိုင်မည်ကို အကြွင်းမဲ့ ယုံကြည်လျက် ဤသဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


