Home / (၂၇၁၇) နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့ သဝဏ်လွှာ

(၂၇၁၇) နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့ သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်

၁။ မင်္ဂလာအပေါင်းနှင့်ပြည့်ဝလှသော (၂၇၁၇) နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့တွင် ပြည်တွင်းပြည်ပရှိ တအာင်းတိုင်းရင်းသားပြည်သူများအားလုံးတို့သည် ဘေးမခအေးမြကြလျက် ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုခရီးလမ်းတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု အစရှိသည့် ဒီမိုကရေစီစံနှုန်းများ ပြည့်ဝစုံညီစေရန် ညီနောင်သားချင်းတိုင်းရင်းသားလူမျိုးပေါင်းစုံတို့နှင့် အတူတကွ ကြိုးစားဖော်ဆောင်သွားနိုင်ပါ စေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။ တအာင်းလူမျိုးတို့သည် တန်ဖိုးဖြတ်မရနိုင်သော ရိုးရာဓလေ့ထုံးတမ်း သမိုင်းအစဥ်အလာ ကောင်းများအား မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးအား တော်လှန်တိုက်ထုတ်ရင်း တအာင်းလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်ဂုဏ်ရည်တို့အား ထုတ်ဖော် ပြသလျက်ရှိသလို လက်ရှိ ပြည်သူ့ခုခံတော်လှန်တိုက်ပွဲကြီးတွင်လည်း တအာင်းလူမျိုးတို့၏ ရဲစွမ်း သတ္တိကို သိမြင်နိုင်ခွင့်ရရှိသဖြင့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးများအဖြစ် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုပါသည်။

၃။ တအာင်းပြည်သူပြည်သားများသည် အကြမ်းဖက်စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှု၊ နှိပ်စက်မှုများ၊ မီးရှို့မှု စသည့် အကြမ်းဖက်မှုများကို အလူးအလဲခံကြရပြီး နေ့စဉ် လူ့အခွင့်အရေးများ ဆုံးရှုံးလျက် စစ်ဘေးရှောင်အ ခြေအနေနှင့် တွေ့ကြုံနေကြရပါသည်။ သို့သော်လည်း တအာင်းပြည်သူတစ်ရပ်လုံးသည် ခံယူချက်ပြင်းထန်စွာဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့ အချိန်ကာလအထိ တော်လှန်တိုက်ပွဲဝင်လျက် စုပေါင်းအားကို မှတ်ကျောက်တင်နိုင်သည်အထိ ဦးဆောင်ဦးရွက်ပြုလျက် ကြိုးစားနေကြဆဲဖြစ်ပါသည်။ တအာင်းလူမျိုးများအပါအဝင် ပြည်တွင်း ပြည်ပရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ယခုလတွင် ပြုလုပ်မည့် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲသည် အာဏာရှင်တို့ သက်တမ်းတိုးသည့် အာဏာရှင်ရွေးချယ်ပွဲ ဖြစ် သည်ကိုလည်း သိရှိထားကာ ကန့်ကွက်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်လျက်ရှိသည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ရပါသည်။

၄။ တအာင်းလူမျိုး သွေးချင်းညီနောင်အားလုံးတို့အနေဖြင့် ယနေ့ကျရောက်သည့် (၂၇၁၇) နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးတည်ဆောက်ခွင့်တို့ အပြည့်အဝရရှိခံစားနိုင်ကာ မျိုးဆက်သစ် တအာင်းလူငယ်များ၏ အနာဂတ်အတွက် အကျိုးပြုလုပ်ငန်းများအား ဆက်လက်ကြိုးစား ဆောင်ရွက်သွား နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top