၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်
၁။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကယန်းအမျိုးသားတပ်မတော်အား အောင်မြင်စွာ စုစည်းတည်ထောင်နိုင်ခဲ့ကာ လူမျိုးစုံချစ်ကြည်ရေးဝါဒကို အခြေခံသော ကယန်း အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်နေသည့်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြလိုပါသည်။ တပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြပါသော ဧည့်သည်တော်ကြီးများအပါအဝင် ကယန်းအမျိုးသားတပ်မတော်မှ ခေါင်းဆောင်ကြီးများ၊ သူရဲကောင်း စစ်သည်ရဲဘော်ရဲဘက်များနှင့် ကယန်းပြည်သူများအားလုံး ဘေးရန်အပေါင်း ကင်းဝေးကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ ရရှိနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ် တည်ဆောက်ရေးနှင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် အတူတကွ ကြိုးစားဆောင်ရွက်လျက်ရှိကာ ကယန်းအမျိုးသားတပ်မတော်အနေဖြင့်လည်း ကယန်းအမျိုးသား အခြေပြုလက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းလျက် အခြားတော်လှန်ရေးမိတ်ဖက်အင်အားစု အသီးသီးတို့နှင့် ညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့်အတွက် မိမိတို့အနေဖြင့် လေးစား ဂုဏ်ယူရပါကြောင်း ဖော်ပြလိုပါသည်။
၃။ ခေတ်အဆက်ဆက်တော်လှန်ရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများ အရင်းအနှီး ပြုလျက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ကယန်းလူမျိုးအာဇာနည်သူရဲကောင်း များအား မိမိတို့အနေဖြင့် ဤသဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
၄။ ကယန်းအမျိုးသားတပ်မတော်အနေဖြင့် ကယန်းတစ်မျိုးသားလုံးနှင့်အတူ သမိုင်း မော်ကွန်းသစ်များ ရေးထိုးလျက် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အောင်မြင်စွာ ဆက်လက် ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုဆုတောင်းအပ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ကယန်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ နှင့် အတူတကွလက်တွဲလျက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ဦးတည်ရည်မှန်းကြိုးစားသွားမည် ဖြစ်ပါကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ဂုဏ်ပြုပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


