Home / (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ သဝဏ်လွှာ

(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်
 
၁။ ယနေ့ကျရောက်သည့် (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အချိန်အခါသမယတွင် ပြည်တွင်းပြည်ပ၌ နေထိုင်လျက်ရှိသော ကရင်နီတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်းနှင့် လုံခြုံမှုနှင့် ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံး ရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
 
၂။ ဗြိတိသျှအင်ပါယာနှင့် ကင်းဝန်မင်းကြီးတို့က ကရင်နီပြည်၏ သီးခြားလွတ်လပ်စွာ တည်ရှိမှုကို လက်ခံခဲ့ကြကာ နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခဲ့သော ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့အား ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယနေ့အချိန်တွင် (၁၄၉) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် ကရင်နီတိုင်းရင်းသားများအားလုံးအတွက် လွန်စွာကြည်နူးဝမ်းသာမိပါသည်။
 
၃။ ကရင်နီတိုင်းရင်းသားတို့သည် စစ်အာဏာရှင်ခေတ်အဆက်ဆက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ကျရာတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြပါသည်။ ကရင်နီတိုင်းရင်းသားတို့၏ ရဲစွမ်းသတ္တိနှင့် ခိုင်မာသော စိတ်ဓာတ်ခွန်အားများနှင့်အတူ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ် အဆုံးသတ်ချိန်အထိ တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ လက်တွဲကာ  တိုက်ပွဲဝင်သွားမည်ဟုလည်း အကြွင်းမဲ့ယုံကြည်ပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းခဲ့သည့် ခရီးလမ်းတွင် ကျဆုံးခဲ့ကြသော ကရင်နီတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
 
၄။ တိုင်းရင်းသားပြည်သူများအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် တွဲလက်မဖြုတ်ဘဲ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါသည်။ ထိုနည်းတူစွာပင် ယနေ့နွေဦးတော်လှန်ရေးတွင်လည်း တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံးတို့၏ ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြမှုများကြောင့် မကြာမီအချိန်ကာလတွင် အကြမ်းဖက်စစ်အာဏာရှင်စနစ် ပျက်သုဉ်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ အမြန်ဆုံး ရောက်ရှိမည်မှာ မုချဧကန်ဖြစ်ပါသည်။
 
၅။ ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်းများနှင့် လူငယ်များ၏ အသက်၊ သွေး၊ ချွေး များပေးဆပ်၍ ရယူခဲ့ကြသော မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုတို့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ လက်ရှိ လူငယ်ခေါင်းဆောင်များ၏ တာဝန်များပင်ဖြစ်ပါသည်။ ထို့ကြောင့် ကရင်နီတိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်အတူ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ  စုစည်းညီညွတ်မှုကို အခြေခံ၍ အချင်းချင်း အပြန်အလှန်နားလည် ယုံကြည်မှုတို့ဖြင့် ရှေ့ဆက်ချီတက်ကြစေလိုကြောင်း အထူးတိုက်တွန်းလျက် ဤသဝဏ်လွှာအား  ထုတ်ပြန်အပ်ပါသည်။
 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
Scroll to Top