Home / (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁  ရက် 

၁။           ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားနေ့တွင် ကရင်နီအမျိုးသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံးတို့သည် တက်ကြွသော ခြေလှမ်း၊ ပြည့်ဝသော အင်အား၊ ခိုင်မာသောဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် မိမိတို့အားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုက ရေစီပြည်ထောင်စုဆီသို့  အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဦးစွာ ဆုမွန်ခြွေ အပ်ပါသည်။

၂။            ကရင်နီလူမျိုးများသည် ကြီးမြတ်သောသမိုင်းအစဥ်အလာများဖြင့် စာပေ၊ ယဥ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထားကြကာ အမျိုးသားတန်းတူရေး၊ တရားမျှတရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား အပြည့်အဝရရှိနိုင်ရန် ကြိုးစားဖော်ဆောင်နိုင်ခဲ့ကြသူများ ဖြစ်ပါ သည်။ ဗြိတိသျှအင်ပါယာနှင့် ကင်းဝန်မင်းကြီးတို့က ကရင်နီပြည်၏ သီးခြားလွတ်လပ်စွာ တည်ရှိမှုကို လက်ခံခဲ့ကြကာ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့သော ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့အား ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုကျင်းပနိုင်ခဲ့သည်မှာ ယနေ့တွင် (၁၄၈) နှစ် တိုင်ခဲ့ပြီ ဖြစ်သည့်အတွက် လွန်စွာ ဝမ်းမြောက်ပီတိဖြစ်ရပါသည်။

၃။           ကရင်နီလူမျိုးများသည် သမိုင်းတစ်ခေတ်တွင်သာမက လက်ရှိ နွေဦးတော်လှန်ရေး တွင်လည်း တိုင်းပြည်နှင့် လူမျိုးအပေါ် တန်ဖိုးထားလေးစားမှုနှင့်အတူ သူရသတ္တိပြည့်စုံစွာ စစ်အာဏာရှင်စနစ် တွန်းလှန်တိုက်ဖျက်ရေး တိုက်ပွဲများ ဖော်ဆောင်လျက် အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ ရှေ့ဆက်လျှောက်လှမ်းနေသည့်အတွက် များစွာ လေးစားဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။

၄။           မင်္ဂလာရှိသောနေ့ထူးနေ့မြတ်တွင် ကရင်နီပြည်သူပြည်သားလူထုတစ်ရပ်လုံး၏ နိုင်ငံရေး ဦးတည်ချက်များအား အပြည့်အဝပုံဖော်နိုင်ကြကာ ညီညွတ်မှုအင်အားကို ဖော်ဆောင်၍ အာဏာရှင် စနစ် ဆိတ်သုဉ်းသော အေးချမ်းသာယာသည့် လူ့ဘောင်ရပ်ဝန်းတစ်ခု ကြိုးစားတည်ဆောက် သွားနိုင်မည်ကို ယုံကြည်လျက် (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top