၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် ဒွါဒသမပုံမှန်အစည်းအဝေးအား လွှတ်တော် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခုကဲ့သို့ စီစဉ်ကျင်းပဆောင်ရွက်နိုင်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြလိုပါသည်။
၂။ ယနေ့အစည်းအဝေးတွင် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် မကွေးဖက်ဒရယ် ယူနစ်အတွက် စာရင်းစစ်ချုပ်အား အတည်ပြုခန့်အပ်ခြင်း၊ လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီက တင်သွင်းလာသည့် ဥပဒေမူကြမ်းများအား အတည်ပြုပြဋ္ဌာန်းခြင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအနေဖြင့် (၆) လပတ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းခြင်း စသည့် အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်သွားမည် ဖြစ်သည့် အတွက် မကွေးဖက်ဒရယ်ယူနစ်အတွင်းတွင် လွှတ်တော်တစ်ရပ်၏ အခန်းကဏ္ဍအား ပီပီပြင်ပြင် စုဖွဲ့တည်ဆောက်ထားနိုင်သည်ကို တွေ့ရှိရပါသည်။
၃။ မကွေးဖက်ဒရယ်ယူနစ်တွင် တော်လှန်ရေးအင်အားစုများသည် လက်ရှိအချိန်တိုင်အောင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များကို အောင်အောင်မြင်မြင်ဆောင်ရွက်ကာ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံ တွန်းလှန်လျက် ရှေ့ဆက်ချီတက်နေသည့်အတွက်လည်း မိမိတို့အနေဖြင့် အထူးပင် ဂုဏ်ယူမိပါသည်။
၄။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များအား ယူနစ်အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ဟန်ချက်ညီညီ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သည်မှာ မကွေးဖက်ဒရယ်ယူနစ် အတွက် ခိုင်မာသောအင်အားတစ်ရပ် ဖြစ်ပါသည်။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် အနာဂတ်တွင်လည်း လွှတ်တော်၏ လုပ်ငန်းစဉ်များအား စစ်မှန်သော ပြည်သူ့ကိုယ်စားပြုမှုဖြင့် ဆက်လက်တိုးမြှင့်ဖော်ဆောင်သွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား လေးစား စွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


