၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
၁။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ (ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်) တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့မှ ကျောင်းသားကြီးများသည် နယ်ချဲ့အင်္ဂလိပ်တို့ ပြဋ္ဌာန်းသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သောကြောင့် ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်ခဲ့သောနေ့ကိုအစွဲပြု၍ အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၁၀၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာတစ်မျိုးသားလုံး၏ မေ့မရနိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့ဖြစ်သကဲ့သို့ မြန်မာလူငယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနှင့် နိုင်ငံရေးအသိစိတ်ဓာတ်ကို မီးမောင်းထိုးပြခဲ့သော အောင်ပွဲမှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။
၂။ ထိုနေ့သည် မြန်မာတစ်မျိုးသားလုံး၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပြီး ပညာရေးလွတ်လပ်ခွင့်နှင့် အမျိုးသားရေးအသိတို့ နိုးကြားစေခဲ့သည့်အပြင် ကျွန်ပညာရေးစနစ်ကို ငြင်းဆန်ကာ အမျိုးသားပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည့်နေ့ ဖြစ်ပါသည်။ ယင်းအမျိုးသားရေးစိတ်ဓာတ်ကို အမွေဆက်ခံလျက် ယနေ့အချိန်တွင်လည်း နယ်ချဲ့ အင်္ဂလိပ်တို့ထက် အဆပေါင်းများစွာဆိုးရွားသော အကြမ်းဖက်စစ်အာဏာရှင်များ၏ ကျွန်ပညာရေးစနစ်အောက်မှ လွတ်မြောက်ရေးအတွက် မျိုးဆက်သစ်လူငယ်အားလုံးတို့သည် အသက်၊ သွေး၊ ချွေးများပေးဆပ်ကာ အနာဂတ်မျိုးဆက်သစ်များ စစ်ကျွန်ပညာရေးစနစ်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
၃။ စစ်အာဏာရှင်တို့သည် တိုင်းပြည်ကို ဖျက်ဆီးရုံသာမက လူငယ်များ၏ ပညာရေးကိုလည်း ချိုးနှိမ်ရန် ကြိုးစားလျက်ရှိပါသည်။ သို့သော်လည်း မျိုးဆက်သစ်လူငယ်များသည် စစ်ကျွန်ပညာရေးကို လက်မခံဘဲ မိမိတို့၏ အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ရပ်တည်ကာ တိုက်ပွဲဝင်နေကြပါသည်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် စိတ်ဓာတ်တို့သည် လေးစားဂုဏ်ယူဖွယ်ကောင်းသကဲ့သို့ နောင်လာနောက်သားများအတွက် စံနမူနာ အတုယူထိုက်သည့် စိတ်ဓာတ်ဖြစ်ပါသည်။ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ်လူရွယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အမျိုးသားနေ့မှစ၍ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော မျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနှင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့နှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့်လည်း ပြည်သူ့ဆန္ဒကို ဆန့်ကျင်သော မည်သည့်အာဏာရှင်စနစ်ကိုမဆို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တွန်းလှန်ရမည်ဟူသော စိတ်ဓာတ်ကို မျိုးစေ့ချပေးခဲ့သည့် အမျိုးသားအောင်ပွဲနေ့၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ခိုင်ခိုင်မာမာစွဲကိုင်ကာ လက်တွဲညီညီ ရှေ့ဆက်ချီတက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းလျက် ဤ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


