Home / ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်

၁။ ယနေ့ကျရောက်သော ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့တွင် မိမိတို့နိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီပညာရေးစနစ်အား စနစ်တကျ အုတ်မြစ်ချတည်ဆောက်ကာ အဓမ္မတရားအား ဆန့်ကျင် လျက် ဓမ္မဘက်တွင် ခိုင်မာတည်ကြည်စွာ ရပ်တည်နေကြသည့် CDM ဆရာ၊ ဆရာမများနှင့်အတူ ကမ္ဘာတစ်ဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြားပြုစုပျိုးထောင်ပေးနေကြသော ဆရာ၊ ဆရာမများ၏ ဂုဏ်အရည်အချင်းတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားစွာ ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။

၂။ ဤနေ့ထူးနေ့မြတ်သည် ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများအား လမ်းပြဖော်ဆောင် သူများအဖြစ် အသိအမှတ်ပြုလျက် ၎င်းတို့၏ ပေးဆပ်အနစ်နာခံမှု၊ လမ်းပြသွန်သင်မှုတို့အား တန်ဖိုး ထားလေးစားကာ ဂုဏ်ပြုကျင်းပကြခြင်းဖြစ်သကဲ့သို့ ယခုနှစ် ၂၀၂၆ ခုနှစ်သည် ၁၉၆၆ ခုနှစ်တွင် ချမှတ်ခဲ့သော ဆရာများဆိုင်ရာ ပြဋ္ဌာန်းချက်၏ နှစ်ပေါင်း (၆၀) ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့ လည်းဖြစ်ပါသည်။ ယခုနှစ်အတွက် ကုလသမဂ္ဂက ထုတ်ပြန်ထားသော ဆောင်ပုဒ်သည် “ Standing with teachers: 60 years of protecting the profession, advancing its status and shaping our futures” ဖြစ်ကာ မျိုးဆက်သစ်တို့အနာဂတ်အတွက် အလင်းဆောင်သည့် မီးရှူးတန်ဆောင်များ အဖြစ် မှတ်ယူထားကြပါသည်။

၃။ ပညာသင်ကြားမှု၊ သင်ယူမှုအခန်းကဏ္ဍသည် လူသားတစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံတစ်နိုင်ငံ၏ ကမ္ဘာ့အဆင့်မီ ခိုင်မာတည်မြဲသော တိုးတက်မှုအထိ အပြည့်အဝ ထောက်ပံ့ ပေးနိုင်သော အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ပညာသင်ကြားမှု ရေရှည်တည်တံ့စေရန် ဆရာ၊ ဆရာမ များ၏ လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်များသည် အစွမ်းထက်သော အင်အားတစ်ခု ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် အကြမ်းဖက်စစ်အာဏာရှင်များအနေဖြင့် ပညာရေးစနစ်အား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဆုတ်ယုတ်စေခဲ့သည့်အတွက် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုတို့ နှောင့်နှေးကာ ပြည်သူလူထုနှင့်အတူ ဆရာ၊ ဆရာမများ၏ ဘဝနေထိုင်မှုများ နိမ့်ဆင်းပြိုလဲခဲ့ကြရပါသည်။

၄။ လက်ရှိအခြေအနေများတွင်လည်း ပညာသင်ကြားမှုအခန်းကဏ္ဍသည် ကြီးမားသော ပြောင်းလဲမှုများနှင့်အတူ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သို့ရာတွင် CDM ဆရာ၊ ဆရာမများအနေဖြင့် ကြားကာလပညာသင်ကြားမှုအခန်းကဏ္ဍတွင် မြေပြင်အခြေပြုသင်ကြားမှု၊ အွန်လိုင်းသင်ကြားမှုများဖြင့် ပြည်သူလူထုနှင့်အတူ ဆက်လက်လှုပ်ရှား ဆောင်ရွက်လျက်ရှိသည့် အတွက် ရပ်တန့်မနေသော သင်ကြားမှု၊ သင်ယူမှုလမ်းကြောင်းအား အခိုင်အမာ တည်ဆောက်ထား နိုင်သည်ကို တွေ့ရှိရပါသည်။

၅။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် မိမိတို့အားလုံး ယုံကြည်မျှော်မှန်း ထားသော တရားမျှတသည့် လွတ်လပ်သော လူ့အဖွဲ့အစည်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး စနစ်အား အတူတကွဖော်ဆောင်သွားနိုင်မည်ကို ယုံကြည်ပါကြောင်းဖော်ပြလျက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top