“လပေါင်းများစွာကြာအောင် အာဏာသိမ်းစစ်တပ်ကို အရှုံးမခံဘဲ ပြန်လည်ခုခံမယ်ဆိုတဲ့ အသိတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ နှစ်နှစ်အကြာမှာ ကမ္ဘာကြီးအနေနဲ့ မြန်မာပြည်သူတွေရဲ့ ယခုတွေ့နေရတဲ့ စည်းလုံးညီညွတ်မှုတွေကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်တွန်းလှန်ရန် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ တစ်ခါမှ မတွေ့ဖူးတဲ့ ကြီးမားတဲ့ စည်းလုံးညီညွတ်မှုတွေ ဖြစ်ပါတယ်။”လို့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေး ပထမနေ့၌ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စစ်ဟေဒီဟော်တလာက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် “မြန်မာနိုင်ငံမှာရှိသည့် မျိုးဆက်သစ်များသည် အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး စစ်တပ်၏ အခန်းကဏ္ဍသည် ပြည်သူကိုကာကွယ်ရန်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရနှင့် ပြည်သူကို အလုပ်အကျွေးပြုရန်ဖြစ်ပြီး စစ်တန်းလျားတွင်သာ ရှိသင့်ကြောင်း၊ စစ်တပ်အနေဖြင့် အခြားရွေးချယ်စရာ လုံးဝမရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရဟာ မြောက်မြားစွာသော လုပ်ငန်းတာဝန်တွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီးဖြစ်ပါကြောင်း၊ CRPH အနေနှင့် တစ်ကမ္ဘာလုံးမှ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံအားပေးမှုတွေနှင့် ထိုက်တန်ပါကြောင်း၊ EU ပါလီမန်အနေနှင့် CRPH နှင့်အတူ ရပ်တည်သွားမှာဖြစ်ပြီး ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ချဲ့ထွင် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအပေါ်တွင် ရှင်းရှင်းလင်းလင်း ရပ်တည်အသိအမှတ်ပြုလျက်ရှိပါကြောင်း၊ ၂၀၁၆ ကနေ ၂၀၁၇ အထိ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သော ဖြစ်စဉ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစွဲဆိုမှုကိုလက်ခံကြောင်း NUG ၏ ဆုံးဖြတ်ချက်သည် အင်မတန်အရေးကြီးသည့် အဆင့်တစ်ခုဖြစ်ပါကြောင်း” စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့ဒီမိုကရေစီအင်အားစုတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းက ပိုမိုကောင်းမွန်ပြီး ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်ချက်များ ပြုလုပ်ပေးရန်၊ စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုနှင့် လက်နက်ပိတ်ဆို့မှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာ၌ သက်ဆိုင်သူနိုင်ငံရေးဦးဆောင်သူများနှင့် တွေ့ဆုံရန် အချက်တစ်ချက် ပါဝင်သဖြင့် ယင်းအပေါ် နိုင်ငံတကာအသိုက်အဝန်းက ပါဝင်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုတွေအတွက် အရပ်သားအုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်ရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်း အကူအညီတွေပေးအပ်ရန်၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းလုပ်ငန်းစဉ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီတွေပေးရန် တောင်းဆိုတိုက်တွန်းခဲ့ပြီး ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများကလည်း ဝိုင်းဝန်းကူညီဖို့ ခိုင်ခိုင်မာမာရှိကြောင်း ပြောကြားခဲ့သည်။
အာဏာသိမ်းစစ်တပ်က စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် သွေးမြေကျမှုတွေနှင့် အကြမ်းဖက်မှုတွေကိုသာ ဖြစ်စေမှာဖြစ်ပြီး မည်သူနှင့်မျှ ယှဉ်ပြိုင်စရာမလိုသော ရွေးကောက်ပွဲကြီးသာ ဖြစ်သွားခဲ့မယ်ဆိုလျှင် စစ်အာဏာရှင်တွေအတွက် ကမ္ဘာမှာ ဆိုးရွားသောသာဓကတစ်ခု ဖြစ်သွားနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနှင့် အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သည့် အာဏာသိမ်းစစ်တပ်အား တာဝန်ခံမှုရှိစေရန်နှင့် တရားစွဲဆိုသွားနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့(IIMM)၊ CRPH၊ NUG၊ NUCC တို့နှင့်ပိုမို ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုတိုက်တွန်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



