Home / (၂၈)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့သို့ ပေးပို့သည့် ပညာရေးကော်မတီ၏ သဝဏ်လွှာ

(၂၈)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့သို့ ပေးပို့သည့် ပညာရေးကော်မတီ၏ သဝဏ်လွှာ

၁။           ပညာဖြန့်ဝေသူဆရာများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ ယူနက်စ်စကိုက အောက်တိုဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၈ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ဝိဇ္ဇာသိပ္ပံပညာရပ်များကိုသာမက ဝေဖန်ပိုင်းခြားနိုင်သည့် တွေးခေါ်မှု၊ အမှန်တရားကိုတန်ဖိုးထားတတ်မှု၊ မွန်မြတ်သည့် ကိုယ်ကျင့်တရားတို့ကိုပါ သင်ကြားပြသပေးကြသည့် ဆရာ၊ ဆရာမများအား ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေကြောင်း ဂါရဝတရားရှေ့ထား၍ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။            ယခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “The transformation of education begins with teacher – ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြု ဟူ၍ ဖြစ်ပါသည်။ ပညာရေးအဆင့်အတန်းမြင့်မားမှသာလျှင် နိုင်ငံ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်းတို့ မြင့်မားလာမည်ဖြစ်သောကြောင့် ထိုကဲ့သို့ ပညာရေးအဆင့်အတန်း မြင့်မားရန်အတွက် သင်ကြားပြသရေးကို ဆောင်ရွက်ကြသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရင်းခံပင်ဖြစ်ပါသည်။  

၃။           လွတ်လပ်စွာပညာသင်ကြားခွင့်သည် လူသားတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များက လူနေအိမ်များ၊ ကျေးရွာများ၊ စာသင်ကျောင်းများကို ဦးတည်လျက် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးသုံး၍ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ကို အကြောင်းမဲ့ရက်စက်ယုတ်မာစွာ ကျူးလွန်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအနေဖြင့် မိသားစုနှင့်အတူ မိမိတို့၏နေအိမ်တွင် နေထိုင်ခွင့် မရကြသည်သာမက စာသင်ကြားခွင့်ပါ ဆုံးရှုံးနေကြရပါသည်။ စစ်ဘေးရှောင် ကလေး သူငယ်များအား စာသင်ကြားပေးနေသည့် စာသင်ခန်းအား အကြမ်းဖက်စစ် အာဏာရှင်များ၏လက်ပါးစေများက လေကြောင်းမှပစ်ခတ်သဖြင့် ကလေးသူငယ်များ အသက်ဆုံးရှံးခဲ့ရပြီး၊ ဒဏ်ရာရသည့် ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ ပညာရေး မည်မျှဆုတ်ယုတ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိပါသည်။

၄။           နိုင်ငံတကာရှိ ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြချိန်တွင် မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများအနေဖြင့်မူ ကလေးသူငယ်များ၏အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အတွက် မတရားဖမ်းဆီးခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့အား အံတုကာ အသက်အိုးအိမ် စည်းစိမ်တို့ကိုပင် စွန့်လွှတ်၍ စစ်အာဏာရှင်စနစ်ဆိုးအား ဖီဆန်၍ ပညာသင်ကြားပေးလျက်ရှိနေကြပါသည်။

၅။           အကြမ်းဖက်စစ်အာဏာရှင်များက ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူပြီးချိန်တွင် ပြည်သူ့ဝန်ထမ်းသူရဲကောင်းများက Civil Disobedience Movement – CDM လှုပ်ရှားမှုဖြင့် အကြမ်းမဖက်တော်လှန်ရေး စတင်ခဲ့ရာမှအစပြု၍ နိုင်ငံအဝှမ်းအုံကြွပြီး လက်နက်ကိုင်တော်လှန်ရေးအထိ အဆင့်ဆင့်တိုးတက်ခဲ့ရာတွင် ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများ၏ ပါဝင်မှုအင်အားသည် နွေဦးတော်လှန်ရေးအတွက် အလွန်ပင် အရေးပါလှပါသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သို့ ဦးတည်သည့် တော်လှန်ရေးခရီးကြမ်း၏လမ်းခုလတ်တွင် အသက်ပေးသွားခဲ့ကြသော၊ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံရပြီး ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခြင်းခံရသော၊ တော်လှန်တိုက်ခိုက်ရင်း တိုက်ပွဲများအကြားတွင်ပင် ကလေးသူငယ်များ၏ ပညာရေးအတွက် ရရာနည်းလမ်းဖြင့် ဆက်လက်သင်ကြားပို့ချပေးနေကြသော ဆရာ၊ ဆရာမများ အားလုံးကို ပြည်သူတစ်ရပ်လုံး ကိုယ်စား လေးစားစွာဂုဏ်ပြုပါကြောင်း ဤသဝဏ်လွှာမှတစ်ဆင့် မှတ်တမ်းတင် အပ်ပါသည်။

၆။           မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် ခံခဲ့ကြရပါသည်။ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြသော်လည်း နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထက် ကိုယ်ကျိုးကိုသာ ကြည့်တတ်ကြသော အကြမ်းဖက်စစ်အာဏာရှင်များကြောင့် နိုင်ငံတော်၏ပညာရေး အဆင့်အတန်းသည် မတိုးတက်သည့်အပြင် ဆုတ်ယုတ်လာသည်ကို လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ ကျန်းမာရေး၊ လူနေမှုစနစ်များအားကြည့်၍ သိရှိနိုင်ပါသည်။ ယခင်ပြည်သူ့အစိုးရသက်တမ်းတွင် ပညာရေးတိုးတက်လာစေရန်အတွက် ဘက်ပေါင်းစုံမှပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ရေရှည်စီမံကိန်းများ ချမှတ်ခဲ့သော်လည်း ကိုယ်ကျိုး ရှာသည့် အကြမ်းဖက်စစ်အာဏာရှင်တို့၏ အာဏာမက်မောမှုကြောင့် ထိုစီမံကိန်းများ ရပ်တန့်သွားခဲ့ရပြီဖြစ်ပါသည်။ လွတ်လပ်စွာတွေးခေါ်ခွင့်သည် ပညာရေး၏အသက်ဖြစ် သဖြင့် စစ်အာဏာရှင်အုပ်ချုပ်ရေး၏အောက်တွင် မြန်မာနိုင်ငံပညာရေးသည် ကလေး သူငယ်များအတွက် ကောင်းမွန်သည့်ပညာရေးစနစ်တစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပါ ကြောင်း မိမိတို့ပညာရေးကော်မတီအနေဖြင့် ယုံကြည်ပါသည်။

၇။           ပညာရေးကော်မတီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် ထူထောင် ရာတွင် မတူကွဲပြားမှုကို အခြေတည်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို အကောင် အထည်ဖော်နိုင်ရေးအတွက် CDM ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ကြီးဌာနနှင့် အခြား ပြည်တွင်းပြည်ပရှိ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူများက ပေးအပ်ထား သည့် တာဝန်ကို ဦးလည်မသုန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုလျက် ယနေ့ ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့” သို့ ပေးပို့သည့်သဝဏ်လွှာမှတစ်ဆင့် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်းမှ ဆရာ၊ ဆရာမများအား အထူးပင် ဂုဏ်ပြုအပ်ပါသည်။

ပညာရေးကော်မတီ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top