၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
၁။ ချင်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကိုအခြေတည်ပေးခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အချိန်အခါသမယတွင် ချင်းတိုင်းရင်းသားများ နှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ အမြန်ဆုံးရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်အတူ ချင်းပြည်သူလူထုတစ်ရပ်လုံး နယ်ချဲ့ တို့လက်အောက် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တောင်တန်း၊ ပြည်မ ပူးပေါင်းကာ လွတ်လပ်ရေးအရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ချင်းတိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကန်ပတ်လက်မြို့ တွေ့ဆုံ ညှိနှိုင်းပွဲ၌ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့မှု၊ ၁၉၄၈ ခုနှစ် ဖလမ်းညီလာခံ၌ တိုက်သူကြီး အုပ်ချုပ်ရေးစနစ်ဖျက်သိမ်းကာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကျင့်သုံးရန် ရှေ့လုပ်ငန်းစဉ်ချမှတ် ပေးနိုင်ခဲ့မှုစသည့် သမိုင်းအစဉ်အလာကောင်းခဲ့သည့် ဖေဖော်ဝါရီ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ ချင်းတိုင်းရင်းသားတို့သည် မိမိကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေနှင့် ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းများ ပိုင်ဆိုင်သည့် လူမျိုးတစ်မျိုးဖြစ်သည်ကို ကမ္ဘာ့အလယ်တွင် သက်သေပြရန်အတွက် ချင်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြရာ ယနေ့အချိန်တွင် (၇၇) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ဒီမိုကရေစီသမိုင်းတွင် ချင်းတိုင်းရင်းသားတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် ရှေ့ဆုံးမှ တိုက်ပွဲဝင်ခဲ့ကြပါသည်။ အာဏာရှင်စနစ်ကို အသက်သွင်းပြီး ပြည်သူလူအပေါ် အကြမ်းဖက်နှိပ်စက်ရန် လိုလားသည့် အကြမ်းဖက်စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းနေသည့် ယနေ့နွေဦးတော်လှန်ရေးတွင်လည်း အခြားသော တော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ချင်းတိုင်းရင်းသားတို့သည် ချင်းဒေသအတွက် တူမီးတော်လှန်ရေးမှ အစပြု၍ အောင်ပွဲများစွာကို ဆောင်ကြဉ်းပေးခဲ့ပြီး လွတ်မြောက်နယ်မြေများစွာကို ပိုင်ဆိုင်ထားကာ မကြာမီအချိန်မှာလည်း ချင်းဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်ကင်းစင်သည့် နယ်မြေအဖြစ်သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ချင်းတိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်တကွ ချင်းလူထု သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ ချင်းတိုင်းရင်းသားတို့အနေဖြင့် ချင်းတိုင်းရင်းသားတို့၏ အမျိုးသားအမှတ်တံဆိပ် ဖြစ်သော အောက်ချင်းငှက်တို့၏ အဓိပ္ပာယ်ဖြစ်သော လူမျိုးနှင့် မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက် သော၊ မေတ္တာတရားကြီးမားပြီး သစ္စာရှိသော၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော စသည့် စိတ်ဓာတ်များကိုကိုင်စွဲပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များနှင့် အာဏာရှင်စနစ် မှန်သမျှ အဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။ နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားပြည်သူများ၏ မလျော့သော ဇွဲ၊ ခိုင်မာသည့်စိတ်ဓာတ်၊ ရှင်သန်နေသည့်မျှော်လင့်ချက်တို့နဲ့အတူ ရှေ့ဆက်ချီ တက်နေကြသည့် အတွက် မဝေးတော့သည့်အချိန်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အရောက် လှမ်းနိုင်တော့မည်ဖြစ်ပါသည်။
၅။ ချင်းတိုင်းရင်းသားများ၊ အခြားသော တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ ညီညွတ်မှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်၍ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင် စနစ်ကင်းစင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိမိတို့ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ကတိပြုလျက် ဤ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာ အား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


