Home / (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်

၁။              ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အချိန်အခါသမယ တွင် တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။            မြန်မာနိုင်ငံ၏ လွတ်လပ်ရေးလမ်းစကို ဖော်ဆောင်ပေးခဲ့သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်မှာ ယနေ့တွင် (၇၇) နှစ်မြောက်သို့ ကျရောက်ခဲ့ပြီဖြစ်ပါသည်။ ပင်လုံ စာချုပ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက်သာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ သို့သော် ခေတ်အဆက်ဆက် စစ်အုပ်စု၏ အများအကျိုးမငဲ့ဘဲ ကိုယ်ကျိုးအတွက်သာကြည့်သော လုပ်ရပ်များကြောင့် နိုင်ငံအတွင်း ပြည်တွင်းစစ်မီး တောက်လောင် ခဲ့ရပြီး ပင်လုံစာချုပ်၏ ပေါင်းစည်းခြင်း၊ စုစည်းခြင်း၊ ညီညွတ်ခြင်း ဟူသည့် အနှစ်သာရများမှာ မှေးမှိန်ခဲ့ရပါသည်။

၃။           ပြည်သူ့အစိုးရလက်ထက်၌ ပင်လုံစာချုပ်၏ အနှစ်သာရများကို ပြန်လည်ဖော်ဆောင်နိုင်ရန် ၂၁ ရာစု ပင်လုံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ ကြိုးပမ်းမှုများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကြီးမားသော အတားအဆီးတစ်ခုအဖြစ် တည်ရှိနေခဲ့ကာ ယင်းဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှုများသည်လည်း ဥပဒေပြုရေးတွင် တပ်မတော်၏ ပါဝင်နေရာယူထားမှု များကြောင့် မလွယ်ကူခဲ့ပေ။ သို့သော် နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားများ၏ မြန်မာ့မြေ ပေါ်တွင် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးစသည့် တူညီသော ဘုံရည်မှန်းချက် ပန်းတိုင်များကို ပေါ်ပေါက်လာစေခဲ့ပြီး နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသား အင်အားစုများအားလုံး အတူတကွ ကြိုးပမ်းတိုက်ပွဲဆင်နွှဲမှုများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊  ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ပါသည်။

၄။           ပင်လုံစာချုပ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် စည်းလုံးညီညွတ်မှု အစဉ်အလာကို နွေဦး တော်လှန်ရေးက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၏ စည်းလုံး ညီညွတ်မှုအင်အားနှင့် စိတ်ဓာတ်အင်အားများကြောင့် ယနေ့အချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် လက်နက်အင်အား သာလွန်ပါသော်လည်း စိတ်ဓာတ်အင်အား ပျက်စီးမှုများဖြင့် ပြိုကျ ပျက်သုဉ်း လုနီးနီးဖြစ်နေသည်ကို အထင်အရှား တွေ့မြင်နေရပြီဖြစ်ပါသည်။

၅။         ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်နှင့်အညီ ယင်းမျိုးစေ့ကို ရှင်သန်ကြီးထွားကာ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုနိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး၏ နားခိုရာအဖြစ် အင်အားစုများအားလုံးက အတူတကွ ဆက်လက် လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် တိုက်တွန်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူလေးစားစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top