Home / (၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်

၁။         ဤထူးမြတ်သည့် နေ့ထူးနေ့မြတ် (၇၅) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်း တိုင်းရင်းသားများအပါအဝင် ပြည်သူပြည်သားများအားလုံးသည် ခိုင်မာသော ခံယူချက်၊ ယုံကြည်ချက် များဖြင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးသတ်အမြစ်ဖြတ်ရေး ဦးတည်သည့် နွေဦးတော်လှန်ရေး ကြီးတွင် အောင်ပွဲများဆင်နွှဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံး  ရောက်ရှိပါစေ ကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။            ပအိုဝ်းတိုင်းရင်းသားတို့သည် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုတွင်လည်း တက်ကြွစွာ ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်သာမက ခေတ်အဆက်ဆက်တွင် အခြားတိုင်းရင်းသားညီနောင် များနှင့်အတူ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျှော်ရည်ကြိုးစားခဲ့ကြပါသည်။ သူရိယစန္ဒာမင်း၏ ကျေးဇူးတရား များအား ဖော်ညွှန်းဂုဏ်ပြုလျက် နှစ်စဥ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အား ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၅) နှစ်မြောက် စိန်ရတုနှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၃။           ပြည်တွင်းပြည်ပရှိ ပအိုဝ်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ပအိုဝ်းတိုင်းရင်းသား တို့၏ ဦးတည်ချက်ပန်းတိုင်များမှတစ်ဆင့် အနာဂတ်ရည်မှန်းချက်များအား ကြိုးစားပုံဖော်ထုဆစ်၍ စစ်အာဏာရှင်တို့၏ အကြမ်းဖက်လုပ်ရပ်များအား အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အခြားညီနောင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ တသားတည်းရပ်တည်လျက် ဟန်ချက် ညီညီ လက်တွဲကာ တော်လှန်ရေးတိုက်ပွဲများအား ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြလိုပါသည်။ ပြည်သူများအားလုံး ပါဝင်ဆင်နွှဲ နေသော နွေဦးတော်လှန်ရေးကြီးသည် မဝေးသောကာလတွင် ပြည်ထောင်စုတစ်ဝှမ်းလုံး၌ အောင်ပွဲဆင်နွှဲလျက် အပြုံးပန်းများ ဝေဆာစွာ ပွင့်လန်းချိန်သို့ ရောက်ရှိတော့မည်ကို အကြွင်းမဲ့ ယုံကြည်မိပါသည်။

၄။           မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အားလုံးသော ပအိုဝ်း အမျိုးသားခေါင်းဆောင်ကြီးများအပါအဝင် ပအိုဝ်းပြည်သူများအားလုံးတို့သည် ဤထူးမြတ်သော ပအိုဝ်းအမျိုးသားနေ့မှစ၍ ပအိုဝ်းတိုင်းရင်းသားတို့၏ အနာဂတ် ရည်ရွယ်ချက်ပန်းတိုင်များနှင့် ဆန္ဒများ အလုံးစုံ ပြည့်ဝအောင်မြင်ပါစေကြောင်း ဆုမွန်တောင်းလျက် ဤသဝဏ်လွှာအား ပေးပို့ အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top