Home / ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူလူထုအား ကျေးဇူးတင် ဂုဏ်ပြုခြင်း သဝဏ်လွှာ

၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူလူထုအား ကျေးဇူးတင် ဂုဏ်ပြုခြင်း သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

၁။         ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၁၁၁၁ အောင်သပြေ လူထု လှုပ်ရှားမှုတွင် နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်ခဲ့ကြသည့် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား ပြည်သူများအားလုံးအား ကျေးဇူးတင်စွာဖြင့် ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ယနေ့အထိတိုင် အခက် အခဲ အတားအဆီးများ မည်သို့ပင် ရှိ‌နေစေကာမူ လူမဆန်သော စစ်အာဏာရှင်များကို အတူတကွ အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်ပြီး ငြိမ်းချမ်းသော အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက် သွားလိုသည့် တိုင်းရင်းသားပြည်သူတို့၏ ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် ရဲရင့်ပြတ်သားမှုတို့ကို ဤအောင်သပြေလူထုလှုပ်ရှားမှုက ထပ်လောင်းသက်သေပြလျက်ရှိပါသည်။

၂။              ဟန်ချက်ညီသော တွန်းလှန်မှုများကြောင့် စစ်နည်းဗျူဟာ၊ လက်နက်အင်အား မည်သို့ပင် သာလွန်သည်ဟု သတ်မှတ်ထားသည့် အကြမ်းဖက်စစ်တပ်သည် ကြီးမား‌သော အရှုံးများနှင့် နေ့စဉ်ရင်ဆိုင်ရလျက်ရှိပါသည်။ တစ်ချိန်တည်းတွင် ဆန့်ကျင်တိုက်ခိုက်မှုများ နိုင်ငံတစ်ဝှမ်း ကြုံတွေ့နေရသည့် အကြမ်းဖက်စစ်တပ်သည် ‌တော်လှန်အင်အားစုများအကြား သွေးခွဲခြင်း၊ ရန်တိုက်ပေးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေသည့်နည်းတူ ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းအမှားများ၊ လုပ်ကြံသတင်းများဖြင့် ဝါဒဖြန့်နေသည်ကို အထူးသတိပြုကြရမည် ဖြစ်ပါသည်။

၃။     ယခုကဲ့သို့ ဟန်ချက်ညီညီ တော်လှန်နေမှုများ၊ တည်ဆောက်ထားပြီးသော စည်းလုံး ညီညွတ်မှုများ၊ အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဤတော်လှန်ရေး၏ အောင်မြင်မှုကို မကြာမီ အားလုံးခံစားရတော့မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။ ဤလူထု တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်နိုင်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၀၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေး အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ ငွေကြေး၊ နည်းပညာအပါအဝင် အခြားနည်းလမ်းများဖြင့် ပါဝင်နေကြသည့် ပြည်သူတို့နှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်လည်း လွှတ်တော်ကဏ္ဍမှ ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းကတိသစ္စာပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top