ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပညာရေးကော်မတီသည် ကရင်နီပြည်နယ်ရှိ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ ပညာရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံကာ မြေပြင်တွင် ဆောင်ရွက်ထားရှိသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် CRPH ပညာရေးကော်မတီဥက္ကဋ္ဌက ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့ခြင်းအား လေးစားဝမ်းမြောက်ပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူးက တွေ့ဆုံရခြင်းရည်ရွယ်ချက်သည် တော်လှန်ရေးကာလတွင် ကရင်နီပြည်နယ်အတွင်းရှိ ပညာရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အကူအညီများ၊ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် အနာဂတ်ဖက်ဒရယ်ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်စေရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ကရင်နီပြည်နယ်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဋ္ဌက CRPH ပညာရေးကော်မတီနှင့် IEC ပညာရေးကော်မတီတို့ ပညာရေးကိစ္စရပ်များ အတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံမှုများ ပုံမှန်ပြုလုပ်လိုပါကြောင်းနှင့် ၎င်းတို့ပြုလုပ်မည့် ကမ်ပိန်းတွင်လည်း ပါဝင်အားဖြည့်ပေးစေလိုပါကြောင်း ပြောကြားဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပညာရေးဘုတ်အဖွဲ့ဝင်များက တော်လှန်ရေးကာလတွင် ပါဝင်ဆောင်ရွက်နေကြသည့် CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများနှင့် CDM ကျောင်းသား၊ ကျောင်းသူများအား အသိအမှတ်ပြုမှုအစီအစဥ်များနှင့် လစဉ်ထောက်ပံ့ပေးမှု အစီအစဥ်များအား ဆွေးနွေးမေးမြန်းရာ CRPH ပညာရေးကော်မတီအဖွဲ့ဝင်များက တော်လှန်ရေးအလွန်ကာလတွင် အဆိုပါပုဂ္ဂိုလ်များအား ဂုဏ်ပြုပေးရန် ဆွေးနွေးအတည်ပြုထားသည့်အခြေအနေများ၊ အရေးပေါ်အခြေအနေများအတွက် လိုအပ်သည့်ထောက်ပံ့မှုများ ချိတ်ဆက်ဆောင်ရွက်ပေးနေမှုများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်းဖြေကြား၍ ဆွေးနွေးပွဲအား ၁၁:၃၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ဆွေးနွေးပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ ကရင်နီပြည်နယ်ရှိ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

