Home / စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်များအား တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေး

စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်များအား တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေး

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်များ၏ စားဝတ်နေရေးသာမက လူမှုဘဝတွင် ကြုံတွေ့နေရသော အခက်အခဲများ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်းသည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးဌာနအနေဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စစ်ဘေးရှောင် ပြည်သူများအား SME ချေးငွေလုပ်ငန်းကို စတင်ဆောင်ရွက်နေမှုများ၊ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချပေးမှုများ၊ နွေဦးနှင်းဆီလုပ်ငန်းဖြင့် စားသောက်ကုန်များ ထုပ်ပိုးရောင်းချနေမှုများ၊ ရန်ပုံငွေရရှိရေးအတွက် နိုင်ငံအသီးသီးတွင် ဈေးရောင်းပွဲများ ကျင်းပပြုလုပ်နေခြင်းစသည့် လုပ်ငန်းစဥ်များအား တင်ပြရှင်းလင်းခဲ့သည်။

ထို့နောက် ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုများအပေါ်တွင် အဖွဲ့ဝင်များက ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး ကော်မတီအနေဖြင့် နေ့စဥ်စစ်ဘေးရှောင်နေရသည့် ဒေသများရှိ အမျိုးသမီးနှင့် လူငယ်များအတွက် စားနပ်ရိက္ခာပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရေးနှင့် နယ်မြေတည်ငြိမ်မှုရှိသော ဒေသများတွင် အိမ်တွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် သင်တန်းများ၊ ကူညီထောက်ပံ့မှုများပေးအပ်နိုင်ရေး ကိစ္စရပ်များကို ရှေ့လုပ်ငန်းစဥ်များအနေဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်း၍ ချိတ်ဆက် လုပ်ဆောင်သွားနိုင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top