Home / မြေပြင်တွင် တွေ့ကြုံနေရသော အခက်အခဲများအတွက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဥ်း၍  ဆက်လက်ပူးပေါင်းလုပ်ဆောင်နိုင်ရေး တွေ့ဆုံညှိနှိုင်း

မြေပြင်တွင် တွေ့ကြုံနေရသော အခက်အခဲများအတွက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဥ်း၍  ဆက်လက်ပူးပေါင်းလုပ်ဆောင်နိုင်ရေး တွေ့ဆုံညှိနှိုင်း

ပြည်သူ့ရေးရာကော်မတီသည် နယ်စပ်ဒေသအသီးသီးသို့ ရောက်ရှိနေကြသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မြေပြင်တွင် တွေ့ကြုံနေရသော အခက်အခဲများအတွက် ချိတ်ဆက်နိုင်မှုများ ပိုမိုအားကောင်းလာနိုင်စေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း က  CRPH တွင် ရေးရာကော်မတီ (၁၂) ခုဖွဲ့စည်းထားရှိကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြည်သူများ၏ အရေးအရာကိစ္စရပ်များအတွက် ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များသည် ကဏ္ဍအသီးသီးတွင် ပြည်သူများနှင့်အတူ ရှောင်တိမ်း၍ ဆောင်ရွက်နေကြောင်း၊ ပုံမှန်အတိုင်း မဆောင်ရွက်နိုင်သော်လည်း ဟန်ချက်ညီညီဖြင့် ရှေ့ဆက်ချီတက်နေကြောင်း၊ အားလုံး၏ ပူးပေါင်းချိတ်ဆက်ပါဝင်မှုသည် တော်လှန်ရေးအတွက် အဓိကဖြစ်ပြီး မိမိတို့အားလုံး အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေပါကြောင်း အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

၎င်းနောက် ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၏ မြေပြင်အခက်အခဲများကို ပြည်သူ့ရေးရာကော်မတီအနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန်ကူညီပံ့ပိုးပေးနေကြောင်း၊ ယခုကာလတွင် လုပ်ငန်းဆောင်ရွက်နိုင်မှုအခက်အခဲ၊ ငွေကြေးရရှိမှုအခက်အခဲများ ကြုံတွေ့ကြရသော်လည်း မိမိတို့ မဲဆန္ဒနယ်မြေများရှိ ပြည်သူများ၏ အခက်အခဲများကို မည်သို့ပူးပေါင်းဖြေရှင်းနိုင်မည်ကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ လိုအပ်သောအကူအညီများတောင်းနိုင်ပါကြောင်း၊ ဒေသအသီးသီးတွင် ရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များ၊ CDMer များ၏ အခက်အခဲများကို သိရှိကာ အားလုံးချိတ်ဆက် ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်အိအိပြုံးက ပြည်သူ့ရေးရာကော်မတီ၏ လက်ရှိကူညီပံ့ပိုးနေမှုများနှင့် ဆောင်ရွက်ပေးနေသော အခြေအနေများတွင် ၂၀၂၂ ခုနှစ်တွင် CDMer (၃၇၈၆)ဦးအတွက် ကော်မတီမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းတွင် CDMer (၁၀၉၇)ဦးအတွက် စီစဥ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက မြေပြင်အခြေအနေများအား ဆွေးနွေးတင်ပြမှု၌ ကဏ္ဍအသီးသီးတွင် ချိတ်ဆက်ပါဝင်ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်ရာတွင် တွဲလက်ညီညီ အားလုံးပူးပေါင်းပါဝင်နိုင်ရေး၊ အပြစ်မဲ့ဖမ်းဆီးခံ ပြည်သူများအတွက် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေးအပြင် နွေဦးတော်လှန်ရေးတွင် အသက်ပေးဆပ်ခဲ့ကြရသူများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြရသူများအတွက် ကူညီမှုများစီစဥ်ပေးနိုင်ရေးတို့အား တင်ပြမေးမြန်းဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်မည့်လုပ်ငန်းစဥ်များအပေါ် ညှိနှိုင်းကာ တွေ့ဆုံမှုအား (၂)နာရီအကြာတွင် ရပ်နားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top