Home / လူ့အခွင့်အရေးချိုးဖောက်ခံရမှုစာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် ပိုမိုချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ကော်မတီတို့အကြား ညှိနှိုင်းဆုံးဖြတ်ခဲ့

လူ့အခွင့်အရေးချိုးဖောက်ခံရမှုစာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် ပိုမိုချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ကော်မတီတို့အကြား ညှိနှိုင်းဆုံးဖြတ်ခဲ့

ပြည်သူ့ရေးရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ ပြည်သူများအနေဖြင့် နေ့စဥ်နှင့်အမျှ ရင်ဆိုင်ခံစားနေရသည့် အကြမ်းဖက် စစ်အုပ်စု၏ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်နေမှုများအပါအဝင် ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်းသည့် အစည်းအဝေးတစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် (အင်္ဂါနေ့)၊ ၁၄၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက  “တော်လှန်ရေးကာလမှာ ၂ နှစ်ကျော်လာပြီဖြစ်၍ မိမိတို့အားလုံး ပင်ပန်းနေကြပြီ ဖြစ်သော်လည်း စစ်ကောင်စီအနေဖြင့် မိမိတို့ထက် ပိုမိုပင်ပန်းလျက်ရှိပြီး မိမိတို့အနေဖြင့် ယခုထက် ပိုမိုချိတ်ဆက်၍ ပြီးဆုံးသည်အထိသွားကြရန်နှင့် ယခုအချိန်သည် အရေးကြီးဆုံးအချိန် ဖြစ်သည့်အတွက် အင်အားအပြည့်ဖြည့် ရုန်းကန်ကြရန် ဖြစ်ပါတယ်”ဟု အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်သူ့ရေးရာကော်တီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က “မိမိတို့အနေဖြင့် တတ်နိုင်သမျှ ပြည်သူများ၏ လိုအပ်ချက်များကို မည်သည့်နည်းလမ်းများဖြင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည်ကို ဆွေးနွေးသွားရန် ဖြစ်ပါတယ်” ဟု အစည်းအဝေး ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခွန်းဗဟန်းထန်က ဝန်ကြီးဌာန၏ လုပ်ငန်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပြည်တွင်းပြည်ပ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ လူ့အခွင့်အရေးဆိုင်ရာမူဝါဒများ ရေးဆွဲထားရှိမှုများနှင့် သင်တန်းပို့ချမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်ကာ နှိပ်စက်နေမှုများအတွက် သတင်းအချက်အလက်ဖြည့်သွင်းခြင်း၊  စုစည်းခြင်း၊ သိမ်းဆည်းခြင်းများကို စနစ်တကျပြုလုပ်ထားရှိပြီး မီဒီယာနှင့် နိုင်ငံတကာမှ ပိုမိုသိရှိရန် ချိတ်ဆက်၍ တစ်ချိန်တွင် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေး၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှုစာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် ပိုမို ချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ကော်မတီတို့အကြား ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခွန်ဗဟန်းထန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top