Home / အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်ခဲ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် (စနေနေ့) ၁၄:၀၀ နာရီအချိန် (NY Time) တွင် နယူးယောက်မြို့ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း (Myanmar American Humanitarian Aid Association – MAHAA) မှ ဦးစီးကျင်းပသည့် နယူးယောက်မြို့နေ မြန်မာပြည်ဖွားတိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲကို  အခြားလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် CRPH ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အကူအညီများ ရရှိနိုင်ရေး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကာ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း မှ ဦးကျော်ဝင်း (ရွှေပြည်စိုး)၊ ဦးခင်မောင်ကြီး (စိုင်းသီဟ)၊ (Air India) ဦးတင့်ကြူ (UN Retiree)၊ ဦးမောင်စိုး (UN Retiree)နှင့် ဒေါက်တာ ခင်ကျော်တို့၏ မေးခွန်းများ၊ အကြံပြုချက်များကိုလည်း ဖြေကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း၏ နာယကကြီးများဖြစ်သော မြေဇင်းဆရာတော် ဦးပရမ၊ စာရေးဆရာ ကဗျာဆရာကြီး ဦးဝင်းဖေ(မောင်စွမ်းရည်)၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဝါးခယ်မမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ ရန်ကုန်တိုင်း​ဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြမျိုးအေး၊ ရန်ကုန်တိုင်း​ဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးနှင့် နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ အများအပြား တက်ရောက်ခဲ့ကြပါသည်။

သတင်းဓာတ်ပုံများကို ကိုဝင်းရွှေ (Wayne Chin) Facebook Page မှ ကူးယူဖော်ပြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top