ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီ ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလို အခက်အခဲကြားမှ တက်ရောက်ပေးကြသည့် မြို့နယ်ပညာရေး ဘုတ်အဖွဲ့များအား ကျေးဇူးတင်ကြောင်း၊ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပါကြောင်းနှင့် ဘေးကင်းလုံခြုံကြပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကချင်ပြည်နယ်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များက မြေပြင်တွင် ကျောင်းများဖွင့်လှစ်ပေးနိုင်မှုအခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကြားကာလတွင် CDM များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အသိအမှတ်ပြုရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပညာရေးကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများနှင့် ထောက်ပံ့မှုအခြေအနေများအား ဆွေးနွေးမေးမြန်းရာ ကော်မတီအဖွဲ့ဝင်များက အရေးပေါ်အခြေအနေများအတွက် အထောက်အပံ့များ ချိတ်ဆက်ဆောင်ရွက်ပေးမှုများ၊ MOE နှင့် အချိတ်အဆက် မရရှိသေးသည့် မြို့နယ်များအား ချိတ်ဆက်ဆောင်ရွက်ပေးမှုများ၊ CDM များအတွက် မူဝါဒများ ချမှတ်နိုင်ရေး ဖော်ဆောင်နေမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ယခုလက်ရှိ ကြားကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် အသိအမှတ်ပြုမှု ဆောင်ရွက်ပေးနိုင်ရန် စီစဥ်ထားမှုတို့အား အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မည်သို့သော အခက်အခဲများကြုံတွေ့နေစေကာမူ ပညာရေးကဏ္ဍသည် ရပ်တန့်ထား၍မရဘဲ စဥ်ဆက်မပြတ် ဖော်ဆောင်နေရမည့် ကဏ္ဍဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ပေးနေကြသည့် ဆရာ၊ ဆရာမများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ တွေ့ဆုံပွဲအား ၁၂:၂၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲကို တော်လှန်ရေးကာလ၌ ကချင်ပြည်နယ်၏ မြေပြင်ရှိပညာရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား သိရှိကာ ပိုမိုပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ဦးဝင်းနိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


