Home / ပညာရေးကော်မတီသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် မြေပြင်တွင် ဆောင်ရွက်ထားရှိသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် မြေပြင်တွင် ဆောင်ရွက်ထားရှိသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များနှင့်အတူ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် မြေပြင်တွင် ဆောင်ရွက်ထားရှိသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌက မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များအနေနှင့် အခက်အခဲကြားမှ တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ ကျိုင်းတုံပညာရေးဘုတ်အဖွဲ့တာဝန်ခံက  မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ ဖွဲ့စည်းထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များက ဖက်ဒရယ်ပညာရေးကဏ္ဍ ပိုမိုအကောင်အထည် ပေါ်လာစေရေးအတွက် လိုအပ်နေသည့်အရင်းအမြစ်များ၊ ဖမ်းဆီးခံ ဆရာ၊ ဆရာမများ၊ မြေပြင်ဖက်ဒရယ်ကျောင်းများအပါအဝင် နိုင်ငံခြားဘာသာစကား သင်ကြားနိုင်ရေးတို့အတွက် အထောက်အပံ့ဖြစ်စေမည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ရာ CRPH ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး၍ တွေ့ဆုံဆွေးနွေးပွဲအား ၁၂:၄၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုတွေ့ဆုံဆွေးနွေးပွဲသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပိုမိုပီပြင်လာစေရေးအတွက် ဟန်ချက်ညီညီ အတူပူးပေါင်းဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top