Home / ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိတ်ဆက်စကား ပြောကြားပြီး ကော်မတီဥက္ကဋ္ဌအနေဖြင့် ယခုလို အခက်အခဲကြားမှ ကျောင်းသားကျောင်းသူများ၏ ပညာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနေကြသည့် CDM ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူလေးစားပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသော ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များက မြေပြင်ပြည်သူ့ပညာရေးကျောင်းများ ဖွင့်လှစ်နေမှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှုအခြေအနေများ၊ စစ်ဘေးရှောင်စခန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများ၊ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများနှင့် CDM နှင့် Non CDM များအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းရာ ပညာရေးကော်မတီအဖွဲ့ဝင်များက CDM နှင့် Non CDM များအတွက် မူဝါဒဖော်ဆောင်နေမှုများ၊ အကောင်အထည်ဖော်မည့် အခြေအနေများနှင့် အရေးပေါ်လိုအပ်ချက်များအပေါ် တတ်အားသရွှေ့ ထောက်ပံ့နိုင်ရေး ချိတ်ဆက်ပေးနေသည့် အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲအား ၁၂:၀၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင် ပညာရေးကဏ္ဍအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လိုအပ်သည့်အကူအညီများ ချိတ်ဆက်ပေးနိုင်ရေးတို့အတွက် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top