Home / ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့သည် မြေပြင်တွင်ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့သည် မြေပြင်တွင်ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ် က တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် မြေပြင်ပညာရေးအခြေအနေများအတွက် ဆွေးနွေးမေးမြန်းလိုခြင်းကြောင်း  နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ယခုကာလသည် တော်လှန်ရေးအရှိန်မြင့်နေပြီဖြစ်သဖြင့် ပိုမိုအားစိုက်လုပ်ကိုင်နေရကြောင်းနှင့် မိမိတို့အကြားတွင် သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ကြောင်း နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council – IFEC) ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်းတမ်းအညွှန်းဘောင်ကိစ္စနှင့်စပ်လျဥ်းသည့်အခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒဆိုင်ရာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ကော်မတီဝင်များက ပြန်လည်မေးမြန်းဆွေးနွေး၍ မြေပြင်အခြေအနေများအတွက် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားနိုင်မည့် ကိစ္စရပ်များအား ညှိနှိုင်းအကြံပြုခဲ့ကြပြီး ၁၃၀၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုဆွေးနွေးပွဲသည် တော်လှန်ရေးကာလအတွင်း လွှတ်တော်နှင့်ဝန်ကြီးဌာနတို့အကြားတွင် ပညာရေးကဏ္ဍအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများအား ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ပြည်သူများအတွက် အတူတကွ အနာဂတ်တွင် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်ရမည့်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NUG ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top