Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် (၂၉-၆-၂၀၂၅) ရက်နေ့တွင် ကချင်ပြည်နယ်၊ ကယား/ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ (၃၀-၆-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် (၁-၇-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် (၃) ကြိမ်ခွဲ၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲများမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ရေးရာကော်မတီများ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်း၊ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက် မြေပြင်လိုအပ်ချက်များ ဆွေးနွေးခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းကြား သတင်းအချက်အလက်မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

(၃) ရက်တာ တွေ့ဆုံပွဲများတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်တို့က နှုတ်ခွန်းဆက်စကားများ  ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌက CRPH နှင့် ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတကာဆံဆက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များကို နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူးက လည်းကောင်း၊ CDM ထောက်ပံ့မှုအပါအဝင် ပြည်သူ့ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌက လည်းကောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ (CDM Law) အပါအဝင် ဥပဒေရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌက လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက်တွင် တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက် မြေပြင်လိုအပ်ချက်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးအခြေအနေများ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရေးကိစ္စရပ်များနှင့် အခြား သိရှိလိုသည်များ မေးမြန်းခဲ့ကြပြီး လွှတ်တော်ကဏ္ဍ ပိုမိုပီပြင်စွာ ဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်း အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သက်ဆိုင်ရာ တိုင်း/ပြည်နယ်များမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top