Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဥရောပခရီးစဉ် နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဥရောပခရီးစဉ် နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရကနေ့၊ ည ၀၈၀၀ နာရီအချိန်တွင် ဥရောပခရီးစဉ် သွားရောက်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဥရောပခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြခြင်း မတိုင်မီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းတင်ပြရာတွင် “၃၁-၅-၂၀၂၂ ရက်နေ့မှ ၁-၆-၂၀၂၂ ရက်နေ့အထိ သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်အတွင်း ဥပရောပသမဂ္ဂကောင်စီ၊ ဥရောပပါလီမန်၊ ဥပရောပကော်မရှင်တို့အပါအဝင် EU မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများ၊ တရားဝင် ရွေးကောက်ခံအဖွဲ့အစည်းများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးသဘောတူညီခဲ့သည့် အချက်များ၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် NUG နှင့် CRPH တို့မှ ကြိုတင်ပြင်ဆင်ထားရန် အချက်များ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်လက်ညှိနှိုင်းသွားရန် အချက်များ” ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ဥရောပပါလီမန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ကို ပြန်လည် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ခရီးစဉ်ဆိုင်ရာ ဆက်လက်ဆောင်ရွက်ရန်တို့အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ရှင်းလင်းတင်ပြခြင်း အစီအစဉ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် မိုင်းလမင်းထွန်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းနိုင်၊ ဦးဇေလတ်၊ ဦးလမာနော်အောင်၊ ဦးဥက္ကာမင်း၊ ဦးရောဘတ်ညေးရယ်၊ ဒေါက်တာဝေဖြိုးအောင်၊ ဦးစည်သူမောင် နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီဝင်များ လည်း တက်ရောက်ခဲ့ကြသည်။


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ

Scroll to Top