ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ၁၅၀၀နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးဇေလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နှုတ်ခွန်းဆက်စကားပြောကြား၍ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ ချမှတ်ထားသော မဟာဗျူဟာများနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးဌာန၏ ရှင်းလင်း ဆွေးနွေးချက်များအပေါ် ကော်မတီဝင်များက မေးခွန်း မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရှမ်းပြည်နယ် တောင်ပိုင်း နမ်းနိန်းကျေးရွာအတွင်းရှိ ရဟန်းနှင့် အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ အမျိုးသမီး (၃) ဦးအား မုဒိန်းကျင့် သတ်ဖြတ်မှု အပါအဝင် ပြည်သူ (၁၇) ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှု၊ ကချင်ပြည်နယ်၊ အနန့်ပါတွင် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်မှု စသည့် အကြမ်းဖက်လုပ်ရပ်များအပြင် အခြားသော စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်သော အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဥ်း၍ အပြစ်ကျူးလွန်သူအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ပေးအရေးယူနိုင်ရေးနှင့် ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် (၁)၊ အမြဲတမ်းအတွင်းဝန် (၂) နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

